ထိုင်းနိုင်ငံရေးကို ဥယျာဉ်ခြံထဲသို့ ဆောင်ယူလာသည့် ဝန်ကြီးချုပ်ဟောင်း ယင်လက်

ထိုင်းနိုင်ငံရေးကို ဥယျာဉ်ခြံထဲသို့ ဆောင်ယူလာသည့် ဝန်ကြီးချုပ်ဟောင်း ယင်လက်
Published 14 February 2016
Ref: AFP

နိုင်ငံရေးဆွေးနွေးခြင်းကို ထိုင်းစစ်အစိုးရ၏ ပိတ်ပင်ခြင်းခံထားရသော ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ဘန်ကောက်ရှိ နေအိမ်၌ သူ၏ ဝါသနာသစ်ဖြစ်သော ဟင်းသီးဟင်းရွက်များကို ပြသခဲ့သည်။ ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့သော ယင်လက်သည် ၂၀၁၄ ခုနှစ် မေက စစ်အာဏာမသိမ်းမီ တရားရုံးအမိန့်ဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ယင်းနောက်ပိုင်း သူသည် ခရီးသွားလာမှု ကန့်သတ်ခံရခြင်း၊ နိုင်ငံရေးတွင် ပါဝင်မှုပိတ်ပင်ခံရခြင်း၊ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သော တာဝန်လစ်ဟင်းမှုဆိုင်ရာ စွဲချက် စွဲဆိုခံရခြင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။ ယင်းအတွက်ကြောင့် ယင်လက်သည် ဆယ်စုနှစ်နှင့်ချီ ကြာမြင့်လာပြီဖြစ်သော ထိုင်းနိုင်ငံရေး အကျပ်အတည်းတွင် ပါဝင်မှုမှ သွယ်ဝိုက် ကန့်သတ်ခံခဲ့ရပြီးနောက် Facebook မှတစ်ဆင့် သတင်းအချက်အလက်သစ်များ ထုတ်ပြန်၍ လူထုနှင့် အဆက်အသွယ်မပြတ်စေရန် ကြိုးပမ်းလာခဲ့သည်။ဖေဖော်ဝါရီ ၁၃ ရက်တွင် နိုင်ငံခြားမီဒီယာများကို ဘန်ကောက်ရှိ ခြံဝင်းထဲသို့ ဖိတ်ခေါ်၍ ပြုံးပျော်နေသော ယင်လက်က သူ၏ ဟင်းသီးဟင်းရွက်ခြံကို လိုက်လံပြသခဲ့သည်။ မီဒီယာများက နိုင်ငံရေးနှင့် ပတ်သက်၍ မေးမြန်းမှုများကို ယင်လက်က ရှောင်လွဲှခဲ့ပြီး အသီးအရွက်များ ပိုစားကြရန်သာ နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။သို့သော် ထိုင်းစစ်အစိုးရက အသစ်ရေးဆွဲနေသော အခြေခံဥပဒေသစ်ကို လာမည့် ဇူလိုင်တွင် လူထုဆန္ဒခံယူပွဲ မပြုလုပ်မီ အလေးအနက် စဉ်းစားသင့်ကြောင်း ယင်လက်က ပြောကြားပြီး နိုင်ငံရေးကို တို့ထိခဲ့သည်။ “ရှင်တို့တွေ ဒီအခြေခံဥပဒေနဲ့ နေရမှာ။ ဒါကြောင့် ထိုင်းနိုင်ငံနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာစဉ်းစားကြပါ။ အဲဒီအခြေခံဥပဒေဟာ ပြည်သူကို ဗဟိုပြုသင့်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ယင်းကဲ့သို့ အဟန့်အတားများ ကြုံနေရသော်လည်း ယင်လက်သည်  ပြည်ပတွင် တိမ်းရှောင်နေသော ၎င်း၏ အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်နှင့်မတူဘဲ ရှင်နာဝပ်မိသားစု ထောက်ခံသူများအကြား အားတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း ရှု မြင်ခံရသည်။ယင်လက်သည် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်စဉ်က  အစိုးရသည် လယ်သမားများထံမှ ဆန်များကို ဈေးကွက်ပေါက်ဈေးထက် နှစ်ဆပိုပေး၍ ဝယ်ယူသည့် ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော အစီအစဉ်အတွက် တာဝန်လစ်ဟင်းမှု စွဲချက်များ စွဲဆိုခံထားရသည်။ထိုင်းနိုင်ငံတွင် ရှင်နာဝပ်မိသားစု နှင့် ၎င်းတို့ကို ထောက်ခံသူများက တစ်ဖက်၊  အာဏာသိမ်းမှုကို ထောက်ခံသော ဘုရင့်မိသားစုနှင့် ဆက်နွှယ်သည့် အထက်တန်းလွှာများနှင့် ၎င်းတို့၏ မဟာမိတ်များက တစ်ဖက် ဆယ်စုနှစ်တစ်ခုကျော်ကြာ နိုင်ငံရေးသဘောထားကွဲလွဲမှု နက်ရှိုင်းနေခဲ့ကြောင်း သိရသည်။ွ 

Most Read

Most Recent