အိန္ဒိယတွင် လူသေဆုံးမှု ဖြစ်ပွားစေခဲ့သည့် အရာသည် ဥက္ကာခဲ မဖြစ်နိုင်ဟု နာဆာ ပြောကြား

အိန္ဒိယတွင် လူသေဆုံးမှု ဖြစ်ပွားစေခဲ့သည့် အရာသည် ဥက္ကာခဲ မဖြစ်နိုင်ဟု နာဆာ ပြောကြား
Published 14 February 2016
Ref: AFP

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အိန္ဒိယနိုင်ငံ ကောလိပ်ဝင်းအတွင်း လူတစ်ဦးကို သေဆုံးစေခဲ့မှုသည် ဥက္ကာခဲကြောင့် မဖြစ်နိုင်ဟု နာဆာအဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အိန္ဒိယသိပ္ပံပညာရှင်များက အခင်းဖြစ်ပွားရာနေရာမှ ရရှိသည့် ထူးဆန်းသော အရာဝတ္ထုတစ်ခုကို စမ်းသပ်စစ်ဆေးနေဆဲ ဖြစ်သည်။တမီးလ်နာဒူပြည်နယ်တောင်ပိုင်းမှ အာဏာပိုင်များက ဖေဖော်ဝါရီ ၇ ရက်တွင် ဥက္ကာခဲတစ်ခုသည် ဘတ်စ်ကားယာဉ်မောင်း တစ်ဦးကို သေဆုံးစေကာ အခြားသုံးဦးကို ဒဏ်ရာရစေခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။အမေရိကန်အာကာသအေဂျင်စီဖြစ်သော နာဆာကမူ ဓာတ်ပုံအထောက်အထားများကို လေ့လာပြီးနောက် ယင်းသည် ဥက္ကာခဲ ဖြစ်လိမ့်မည်ဟု မယုံကြည်ဟု ပြောကြားခဲ့သည်။“ပိုပြီး အသေးစိတ်တဲ့ အချက်အလက်တွေ ဒေသခံ သိပ္ပံပညာရှင်တွေဆီကနေ ထွက်ပေါ်လာဦးမှာ ဖြစ်ပေမယ့် ဒီဟာက အာကာသထဲကနေ ကျလာတဲ့အရာ မဖြစ်နိုင်ပါဘူး။ အွန်လိုင်းမှာ တင်ခဲ့တဲ့ ကျင်းချိုင့်ကြီး အရွယ်အစားမျိုး ဖြစ်ပေါ်ဖို့ဆိုရင် ဥက္ကာခဲက အနည်းဆုံး ကီလိုဂရမ် များစွာရှိဖို့ လိုပါတယ်”ဟု နာဆာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒွေနီဘရောင်းက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားထားသည်။ဒေသခံ အာဏာပိုင်များသည် အရွယ်ရောက်ပြီးသူ တစ်ဦး၏ လက်သီးဆုပ် အရွယ်အစားထက် ပို၍ သေးငယ်သော အပြာရောင် အရာဝတ္ထုတစ်ခုကို အခင်းဖြစ်ပွားရာနေရာအနီးတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းသည် မြေပြင်၌ ကျင်းချိုင့်ကြီး ဖြစ်စေခဲ့သည်ဟု ဆိုသည်။

Most Read

Most Recent