လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူပေါင်းသန်းနှင့်ချီလျက် သေဆုံး

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူပေါင်းသန်းနှင့်ချီလျက် သေဆုံး
Published 13 February 2016

ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၅ ဒသမ ၅ သန်းကျော် သေဆုံးနေပြီး သေဆုံးသူ ထက်ဝက်ကျော်သည် အလျင်အမြန် ဖွံ့ဖြိုးလာနေသော တရုတ်နှင့် အိန္ဒိယတို့မှဖြစ်ကြောင်း သုတေသနပြုသူများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ပိုမိုထိရောက်သော အရေးယူဆောင်ရွက်များ မပြုလုပ်နိုင်ပါက လာမည့်နှစ်များအတွင်း အရွယ်မတိုင်မီ သေဆုံးရသူအရေအတွက် ဆက်လက်မြင့်တက်နေသည်ဟုလည်း ဝါရှင်တန်တွင် ပြုလုပ်သည့် သိပ္ပံတိုးတက်ရေးဆိုင်ရာ အမေရိကန် အဖွဲ့အစည်း ညီလာခံတွင် သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။“လေထုညစ်ညမ်းမှုဟာ ကမ္ဘာပေါ်မှာ သေဆုံးစေတဲ့ အကြောင်းရင်းတွေအနက် စတုတ္ထအမြင့်ဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားမှုအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ထဲမှာ အခုထိ အမြင့်ဆုံးဖြစ်ပါတယ်” ဟု ကနေဒါနိုင်ငံ ဗင်ကူဗာရှိ ဗြိတိသျှကိုလံဘီယာ တက္ကသိုလ်၏ လူဦးရေနှင့် ပြည်သူ့ကျန်းမာရေးကျောင်းမှ ပါမောက္ခ မိုက်ကယ်ဘရူယာက ပြောကြားခဲ့သည်။ကျန်းမာရေး တိုင်းတာမှုဆိုင်ရာဌာနက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ရောဂါဝန်ထုပ်ဝန်ပိုး လေ့လာချက်အရ လေထုညစ်ညမ်းမှုသည် သွေးပေါင်တက်ခြင်း၊ အစာအာဟာရနှင့် ဆေးလိပ်သောက်ခြင်းတို့၏နောက် စတုတ္ထမြောက် ကျန်းမာရေးဆိုင်ရာ အန္တရာယ် အကြီးမားဆုံး အကြောင်းအရာဖြစ်သည်။“လေထုညစ်ညမ်းမှုကို လျှော့ချခြင်းဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ကမ္ဘာ့လူထုရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်” ဟု ဘရူယာက ပြောကြားခဲ့သည်။လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်သေဆုံးရသည့် အရေအတွက်၏ ၅၅ ရာခိုင်နှုန်းသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် လူပေါင်း ၁ ဒသမ ၆ သန်းခန့် သေဆုံးခဲ့ပြီး အိန္ဒိယတွင် လူပေါင်း ၁ ဒသမ ၄ သန်း သေဆုံးခဲ့သည်။တရုတ်နိုင်ငံတွင် ကျောက်မီးသွေးများ မီးရှို့ခြင်းသည် လေထုအရည်အသွေး ကျဆင်းရခြင်းအတွက် အကြီးမားဆုံး အကြောင်းရင်းဖြစ်သည်။ကျောက်မီးသွေးကြောင့် လေထုညစ်ညမ်းမှုသည် ၂၀၁၃ ခုနှစ်အတွင်း လူပေါင်း ၃၆၆,၀၀၀ ကိုသေဆုံးစေသည်ဟု ပေကျင်းမြို့ရှိ ဆင်းဟွာတက္ကသိုလ် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာကျောင်းမှ ပါရဂူဘွဲ့ယူကျောင်းသား ချောင်မားက ပြောကြားခဲ့သည်။  Ref : AFP  

Most Read

Most Recent