အာဆတ်က အကြမ်းဖက်မှုများကို တိုက်ဖျက်ပြီး ဆီးရီးယား တစ်နိုင်ငံလုံး ပြန်သိမ်းမည်ဟု ကတိပြု

အာဆတ်က အကြမ်းဖက်မှုများကို တိုက်ဖျက်ပြီး ဆီးရီးယား တစ်နိုင်ငံလုံး ပြန်သိမ်းမည်ဟု ကတိပြု
Published 13 February 2016

ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က ဆီးရီးယားနိုင်ငံ တစ်ခုလုံးကို ပြန်လည်သိမ်းယူမည်ဟု ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်လွှင့်ခဲ့သည့် အေအက်ဖ်ပီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းအတွင်း ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အပစ်အခတ် ရပ်စဲရေးအတွက် ဖိအားပေးနေကြစဉ် အာဆတ်က ဆီးရီးယားစစ်ပွဲ အဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သလို အကြမ်းဖက်မှုများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုခဲ့သည်။ရုရှားကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားစစ်တပ်၏ အလက်ပိုပြည်နယ် စစ်ဆင်ရေး၏ အဓိကရည်ရွယ်ချက်မှာ တူရကီမှလာသော သူပုန်ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ရန် ဖြစ်သည်ဟု အာဆတ်က ဆိုခဲ့သည်။ ထိုစစ်ဆင်ရေးကြောင့် လူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။ သူပုန်နှင့် IS အဖွဲ့တို့က နေရာအများစုကို ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ တစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ရေးသည် အစိုးရအဖွဲ့၏ နောက်ဆုံးရည်မှန်းချက်ဖြစ်သည်ဟု အာဆတ်က ပြောကြားခဲ့သည်။“ဆီးရီးယားနိုင်ငံတစ်ဝန်းမှာ စစ်မက်ဖြစ်ပွားမှုကို ရပ်ဆိုင်းမယ့်အစီအစဉ် မစတင်ခင် နိုင်ငံရဲ့ဘယ်အပိုင်းကိုမှ လက်လွှတ်စရာ အကြောင်းမရှိပါဘူး” ဟု ဖေဖော်ဝါရီ ၁၁ ရက်က ဒမတ်စကတ်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုအတွင်း အာဆတ်က ပြောကြားခဲ့သည်။ တူရကီ၊ ဂျော်ဒန်နှင့် အီရတ်တို့မှလာသော ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားပါက ယခုပဋိပက္ခသည် တစ်နှစ်ပင်မကြာဘဲ အဆုံးသတ်သွားနိုင်သည်ဟု ၎င်းကဆိုခဲ့သည်။ ထိုကဲ့သို့ မဟုတ်ဘဲ မပြီးပြတ်နိုင်ဖြစ်နေပါက စစ်ပွဲအဆုံးသတ်ရေးမှာ ဝေးကွာနေမည်ဖြစ်ပြီး ကြီးလေးသည့် တန်ဖိုးပေးရလိမ့်မည်ဟု ဆိုခဲ့သည်။ဆီးရီးယား အတိုက်အခံများကို အဓိက ကျောထောက်နောက်ခံပြုနေသည့် တူရကီနှင့် ဆော်ဒီအာရေဗျတို့က ဆီးရီးယားနိုင်ငံထဲသို့ စစ်ရေးကြားဝင်စွက်ဖက်မည့် အန္တရာယ်ရှိသည်ဟုလည်း အာဆတ်က ဆိုခဲ့သည်။ဆီးရီးယားနိုင်ငံထဲတွင် တိုက်ခိုက်နေမှုများကို တစ်ပတ်အတွင်း ရပ်ဆိုင်းမည့် အစီအစဉ်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။ သို့သော် ထို့အစီအစဉ်ထဲတွင် IS နှင့် အယ်ကေးဒါးတို့၏ အဖွဲ့ခွဲများ မပါဝင်ပေ။ဆီးရီးယားတစ်နိုင်ငံလုံးကို ပြန်သိမ်းမည်ဟု အာဆတ်က ပြောခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ်တိုနာကအာဆတ်သည် ယခုပဋိပက္ခကို စစ်ရေးဖြင့် အဖြေရှာနိုင်လိမ့်မည်ဟု ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ပြန်လည်ဝေဖန်ခဲ့သည်။အလက်ပို ထိုးစစ်ကြောင့် ယခုလအစောပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပျက်ပြားခဲ့ရသည်။ ထိုစစ်ဆင်ရေးကြောင့် ထွက်ပြေးရသူ ၅၀၀၀၀ ထက်မနည်းရှိနေပြီး ဖေဖော်ဝါရီ ၁ ရက်မှစ၍ သေဆုံးသူ ၅၀၀ ထက်မနည်း ရှိနေပြီဖြစ်သည်။Ref : AFP

Most Read

Most Recent