နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲမည့် အမျိုးသမီးကို ဆံပင်ပုံစံကြောင့် အာဏာပိုင်များက သတိထားမိပြီး ဖမ်းဆီးနိုင်ခဲ့

နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲမည့် အမျိုးသမီးကို ဆံပင်ပုံစံကြောင့် အာဏာပိုင်များက သတိထားမိပြီး ဖမ်းဆီးနိုင်ခဲ့
Published 13 February 2016

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အသေခံဗုံးခွဲမည့် မိန်းကလေးတစ်ဦးကို သူ၏ကွဲပြားသော ဆံပင်ပုံစံကြောင့် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထိုမိန်းကလေးသည် သူ့ကိုယ်ပေါ်မှ ဖောက်ခွဲရေး ပစ္စည်းများကို မဖောက်ခွဲလိုသဖြင့် ထွက်ပြေးရာမှ ယခုကဲ့သို့ သတိထားမိခဲ့ခြင်းဖြစ်သည်။ဘော်နိုပြည်နယ် ဒစ်ဝါဒေသရှိ ဒုက္ခသည် စခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၁၃ ရက်က အမျိုးသမီး အသေခံဗုံးခွဲသမားနှစ်ဦး၏ ဖောက်ခွဲမှုကြောင့် လူပေါင်း ၅၈ ဦးသေဆုံးခဲ့သည်။ တတိယမြောက် ဖောက်ခွဲမည့် အမျိုးသမီးသည် ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့်အတွက် သတိထားမိခဲ့ကြခြင်း ဖြစ်သည်ဟု ထိုစခန်းမှ အမည်မဖော်လိုသော အရာရှိက ဆိုခဲ့သည်။ “ကာနူရီမျိုးနွယ် အမျိုးသမီးတွေဟာ သူတို့ရဲ့ဆံပင်တွေကို ကျစ်ဆံမြီးကျစ်ကြပါတယ်။ အသေခံဗုံးခွဲခဲ့တဲ့ အမျိုးသမီးတွေရဲ့ အလောင်းကို စစ်တဲ့အခါမှာ သူတို့အားလုံးရဲ့ ဆံပင်တွေဟာ မြင်းမြီးပုံစံ စည်းထားကြတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ကာနူရီဓလေ့အရ သေဆုံးသွားသော အမျိုးသမီးများကို မြေမမြှုပ်မီ သူတို့၏ ဆံပင်များကိုဖြေကာ မြင်းမြီးပုံစံ ချည်လေ့ရှိကြသည်။ အသေခံဗုံးခွဲမည့် အမျိုးသမီးများသည်လည်း ထိုကဲ့သို့ မြင်းမြီးပုံစံ စည်းလေ့ရှိကြကြောင်း အမျိုးသမီး အသေခံဗုံးခွဲသမားများကို စစ်ဆေးချက်၊ အသက်ရှင်လျက် ဖမ်းမိသော အသေခံဗုံးခွဲသူ အမျိုးသမီးများကို စစ်ဆေးချက်တို့အရ သိရသည်။ “မြင်းမြီးဆံပင်ချည်ထားတဲ့ အဲဒီမိန်းကလေးဟာ စခန်းထဲကနေ ထွက်ပြေးသွားတာကို  တွေ့လိုက်ရပါတယ်။ ဒါကြောင့် သူဟာအသေခံဗုံးခွဲမယ့် သူတစ်ယောက်ဆိုတာသိပြီး ဖမ်းလိုက်တဲ့အခါ သူကလည်း ဝန်ခံခဲ့ပါတယ်” ဟု ထိုအရာရှိက ပြောကြားခဲ့သည်။မွတ်စလင် အများစုနေထိုင်သည့် နိုင်ငံမြောက်ပိုင်းတွင် အမျိုးသမီးအများစုသည် သူတို့၏ ဦးခေါင်းများကို ဖုံးလွှမ်းထားသည့် ရှည်လျားသော ခေါင်းစွပ်ခြုံထည်များကို ဝတ်ဆင်လေ့ရှိကြသည်။ ယခုအမျိုးသမီး၏ ခေါင်းစွပ်မှာမူ ကျွတ်သွားခဲ့သဖြင့် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ယခုဖမ်းမိခဲ့သည့် အမျိုးသမီးသည် ယခင်က ဘိုကိုဟာရမ်တို့၏ လိင်ကျွန်ဖြစ်ခဲ့ပြီး ဘိုကိုဟာရမ်တို့က သူ့ကိုငြီးငွေ့သွားပုံရသည့်အတွက် ယခုကဲ့သို့ အသေခံ ဗုံးခွဲခိုင်းခြင်း ဖြစ်ဖွယ်ရှိသည်ဟု သိရသည်။ ထိုအမျိုးသမီးသည် သူ၏မိဘများ ထိုဒုက္ခသည်စခန်းထဲ၌ ရှိနိုင်သည်ဟု သိနှင့်နေခဲ့ကြောင်း၊ သူနှင့်အတူသွားသည့် ဗုံးခွဲမည့် အမျိုးသမီးနှစ်ဦးစလုံး ဖောက်ခွဲပြီးသည်နှင့် တစ်ပြိုင်နက် သူသည်လည်း ထွက်ပြေးခဲ့ကြောင်း သိရသည်။ထိုအမျိုးသမီး၏ ပြောကြားချက်အရ ဘိုကိုဟာရမ်တို့သည် လောလောလတ်လတ် ဖမ်းလာသည့် အမျိုးသမီးနှင့် မိန်းကလေးများကို အသေခံဗုံးခွဲရန် စေခိုင်းလေ့မရှိဟု သိရသည်။                          Ref : AFP

Most Read

Most Recent