ကလင်တန်က စကားစစ်ထိုးပွဲ၌ ပေးခဲ့သည့် ဆန်းဒါး၏ ကတိများကို ဝေဖန်တိုက်ခိုက်

ကလင်တန်က စကားစစ်ထိုးပွဲ၌ ပေးခဲ့သည့် ဆန်းဒါး၏ ကတိများကို ဝေဖန်တိုက်ခိုက်
Published 12 February 2016
Ref: AFP

အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရေပန်းစားနေသော ဟီလာရီကလင်တန်သည် နယူးဟမ့်ရှိုင်းယား၌ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီး နှစ်ရက်အကြာတွင် ဒီမိုကရက်တစ်ပါတီ၌ သူ၏ပြိုင်ဘက်ဖြစ်သော ဘာနေးဆန်းဒါးအပေါ် အသာစီး ပြန်လည်ရယူရန်အတွက် ဖေဖော်ဝါရီ ၁၁ ရက် စကားစစ်ထိုးပွဲတွင် ဆန်းဒါး၏ အဆိုပြုချက်များကို သဘာဝမကျဘဲ အကုန်အကျများစေမည့် အရာများဟု ဝေဖန်တိုက်ခိုက်ခဲ့သည်။
သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုများအတွက် တောင်ဘက်နှင့် အနောက်ဘက်သို့ ပြေးလွှား လှုပ်ရှားနေစဉ် လမ်းကြောင်းသစ်တစ်ရပ် ဖော်ထုတ်ရန် စိတ်အားထက်သန်နေသော ကလင်တန်သည် အလျင်အမြန်ပင် တိုက်စစ်ဆင်လာခဲ့ပြီး ဗားမောင့် အထက်လွှတ်တော်အမတ် ဆန်းဒါးကို သူ၏ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်နှင့် တက္ကသိုလ်ပညာရေးကို အားလုံးအတွက် အခမဲ့ သင်ကြားပေးမည့် အစီအစဉ်တို့နှင့်ပတ်သက်၍ တိုက်ခိုက်ဝေဖန်ခဲ့သည်။
ကလင်တန်သည် ဆန်းဒါးက သူ့အပေါ် ဝေဖန်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အပေးအယူ တည့်နေမှု၊ အမျိုးသမီး မဲဆန္ဒရှင်များနှင့် ပြန်လည်ချိတ်ဆက်မှုတို့နှင့် ပတ်သက်၍ ပြန်လည်ချေပရန်အတွက် သူ၏အတွေ့အကြုံများသည် သမ္မတ ဘာရက်အိုဘားမား လက်အောက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်မ အကြိမ်ပေါင်းများစွာ ပြောခဲ့ပါတယ်။ ကျွန်မက အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် လူတွေကို ကျွန်မကို ထောက်ခံကြဖို့ တောင်းဆိုမှာ မဟုတ်ဘူးဆိုတာ”ဟု  ကလင်တန်က ဝစ်ကွန်ဆင်ပြည်နယ် မီဝေါကီးမြို့ စကားစစ်ထိုးပွဲ စင်မြင့်ပေါ်မှနေ၍ ပြောကြားခဲ့သည်။
သူက “ကျွန်မကိုယ်ကျွန်မ အရည်အချင်းအရှိဆုံး၊ အတွေ့အကြုံအရှိဆုံးနဲ့ သမ္မတနဲ့ စစ်ဦးစီးချုပ်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေသူလို့ ယူဆတာကြောင့် လူတွေ ကျွန်မကို ထောက်ခံကြဖို့ပဲ တောင်းဆိုမှာပါ”ဟု ပြောကြားခဲ့ သည်။
အကြိတ်အနယ်ဖြစ်ခဲ့သည့် အိုင်အိုဝါ ရွေးကောက်ပွဲတွင် ကလင်တန်သည် မဆိုစလောက် အသာရရှိမှုဖြင့်သာ အနိုင်ရခဲ့ပြီး ကလင်တန်နှင့် ဆန်းဒါး နှစ်ဦးစလုံးသည် အရပ်သားဆန်သူများဟု ဆိုနိုင်ကာ လူမျိုးရေး ခွဲခြားမှုများ အဆုံးသတ်ရန်နှင့် အားနည်းသော လူနည်းစုတို့၏ လူနေမှုဘဝများ တိုးတက်စေရန် အားထုတ်မှုများအကြောင်း ဆွေးနွေးခဲ့ကြသည်။
သူတို့နှစ်ဦး၏ အပြင်းထန်ဆုံး အချေအတင် ဖြစ်မှုသည် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်းနှင့် ဆန်းဒါး၏ တစ်ဦးတည်း အခွန်ဆောင်မှုစနစ်က အမေရိကန် အခွန်ဆောင်သူများ၏ ငွေကြေးကို သက်သာစေလိမ့်မည်ဟူသည့် အဆိုကိစ္စတို့ဖြစ်သည်။ ကလင်တန်က ဆန်းဒါးကို ဆက်လက် ဝေဖန် တိုက်ခိုက်မှုပြုလုပ်ရာတွင် ဆန်းဒါး၏ အစီအစဉ်များသည် ပြည်ထောင်စုအစိုးရ၏ အရွယ်အစားကို ၄၀ ရာခိုင်နှုန်းခန့် ပို၍ ကြီးထွား လာစေဖွယ် ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent