ပျောက်ဆုံး ဟောင်ကောင် စာအုပ်အရောင်းသမားသည် ဆန္ဒမပါဘဲ တရုတ်သို့ ပို့ခံခဲ့ရဟု ဗြိတိန် ပြောကြား

ပျောက်ဆုံး ဟောင်ကောင် စာအုပ်အရောင်းသမားသည် ဆန္ဒမပါဘဲ တရုတ်သို့ ပို့ခံခဲ့ရဟု ဗြိတိန် ပြောကြား
Published 12 February 2016
Ref: AFP

တရုတ်က ထိန်းသိမ်းခဲ့သည်ဟု ယူဆရသည့် ပျောက်ဆုံး ဟောင်ကောင်စာအုပ် အရောင်းသမားသည် သူ၏ဆန္ဒမပါဘဲ ပြည်မကြီးသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု ဗြိတိန်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ဟောင်ကောင်တွင် ကတိပြုထားသော လွတ်လပ်ခွင့်များ တဖြည်းဖြည်း ဆုံးရှုံးလာမည်ကို စိုးရိမ်မှုရှိနေချိန်တွင် ယင်းစာအုပ်အရောင်းသမားများ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ ဗြိတိန်၏ အပြင်းထန်ဆုံး မှတ်ချက်တစ်ခုဖြစ်သည်။
တရုတ်မူဝါဒများကို ဝေဖန်သောစာအုပ်များ ထုတ်ဝေသည့် စာအုပ်တိုက် Mighty Caurent မှ ဗြိတိန်ပတ်စ်ပို့ ကိုင်ထားသူ လီပို  ပျောက်ဆုံးသွားမှုသည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်ကို မလွဲှပေးမီ  တရုတ်နှင့် လက်မှတ်ထိုးခဲ့သော ဟောင်ကောင်ဆိုင်ရာ ဗြိတိန်-တရုတ် ပူးတွဲကြေညာချက် သဘောတူညီချက်ကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု ဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖီးလစ်ဟမ်မွန်းက အစီရင်ခံစာသစ် ထုတ်ပြန်ခဲ့သည်။ ယင်းစာအုပ်တိုက်မှ လျူဖော်၊ ချန်းချီဖင်းနှင့် လမ်ဝင်းကီးတို့သည် ပြီးခဲ့သော အောက်တိုဘာက ပြည်မကြီး တရုတ်တောင်ပိုင်းတွင် ပျောက်ဆုံးခဲ့ပြီး ဆွီဒင်နိုင်ငံသား တစ်ဦးဖြစ်သူ ကွေမင်းဟိုင်သည် ထိုင်းသို့ အားလပ်ရက် ခရီးသွားရာမှ ပျောက်ဆုံးခဲ့သည်။ တရုတ်အာဏာပိုင်များက ယခုအခါ ၎င်းတို့ကို ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုခဲ့သည်။
အသက် ၆၅ နှစ်ရှိ လီက ရေးသားခဲ့သည်ဟု ယူဆရပြီး သူ၏ဇနီးထံ ပို့ခဲ့သော စာများတွင် လီက သူသည် ယခုအခါ ပြည်မကြီးသို့ ရောက်ရှိနေကြောင်း၊ အမည်မဖော်သော စုံစမ်းစစ်ဆေးမှုများကို ကူညီပေးရန် ဆန္ဒအလျောက် တရုတ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်ဟု ၎င်း၏ ဇနီးက အတည်ပြုခဲ့သည်။ သို့သော် တရုတ်အာဏာပိုင်များသည် ဟောင်ကောင်ဥပဒေကို ချိုးဖောက်၍ လီကို ဟောင်ကောင်မှ ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပြုအမတ်များနှင့် တက်ကြွ လှုပ်ရှားသူများက စွပ်စွဲခဲ့သည်။ တရုတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရဒေသ ဟောင်ကောင်၏ ဥပဒေအရ တရုတ်ရဲများသည် ဟောင်ကောင်ပိုင်နက်၌ ဖမ်းဆီးခွင့်မရှိပေ။ ယင်းအမှုနှင့် ပတ်သက်၍ အချက်အလက်များ အပြည့်အစုံ မသိရသေးကြောင်း၊ သို့သော် လတ်တလော အချက်အလက်များအရ မစ္စတာလီသည် ဟောင်ကောင်ဥပဒေ လုပ်ထုံးလုပ်နည်းများမပါဘဲ သူ၏ဆန္ဒကို ဆန့်ကျင်လျက် ပြည်မကြီးသို့ ပို့ခံခဲ့ရကြောင်း ဖော်ပြနေသည်ဟု ယူကေပါလီမန်သို့ ဟောင်ကောင်နှင့် ပတ်သက်၍ ခြောက်လတစ်ကြိမ် တင်သွင်းရသော အစီရင်ခံစာတွင် ဟမ်မွန်းက ပြောကြားခဲ့သည်။ ယင်းသည် ဟောင်ကောင်ပြည်သူများကို ဟောင်ကောင်ဥပဒေဖြင့် ကာကွယ်ပေးမည်ဟု အာမခံထားသော “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒကို အားလျော့စေကြောင်း ၎င်းက ဆိုသည်။
ဟောင်ကောင်သည် ယင်းပူးတွဲကြေညာချက်အရ ပြည်မကြီးတွင် မရရှိနိုင်သော လွတ်လပ်ခွင့်ကို အနှစ် ၅၀ ကြာ ခံစားခွင့်ရရှိမည်ဖြစ်သည်။ သို့သော် ဂျာနယ်လစ်များ တိုက်ခိုက်ခံရမှုများနှင့် ဟောင်ကောင်ပညာရေး အင်စတီကျုများကို တရုတ်၏သြဇာ လွှမ်းမိုးလာမှုများကြောင့် လွတ်လပ်ခွင့်များ တဖြည်းဖြည်း ပျောက်ဆုံးသွားမည်ကို စိုးရိမ်မှု မြင့်တက်နေသည်။           

Most Read

Most Recent