မကွေးတိုင်းအတွင်း နေ့အပူချိန်မြင့်တက်လာမှုနှင့်အတူ ကျေးရွာအချို့၌ သောက်သုံးရေအခက်အခဲ သိသိသာသာ ကြုံတွေ့လာ

မကွေးတိုင်းအတွင်း နေ့အပူချိန်မြင့်တက်လာမှုနှင့်အတူ ကျေးရွာအချို့၌ သောက်သုံးရေအခက်အခဲ သိသိသာသာ ကြုံတွေ့လာ
Published 12 February 2016
အောင်သူငြိမ်း၊ သက်ထိန်ဝင်း

အပူပိုင်း မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် မကွေးတိုင်းအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ နေ့အပူချိန် မြင့်တက်လာမှုနှင့်အတူ မကွေး၊ ရေနံချောင်း၊ ချောက်၊ မင်းဘူး (စကု)၊ တောင်တွင်းကြီး၊ မြို့သစ်၊ မြိုင်၊ ရေစကြို၊ စေတုတ္တရာမြို့နယ်များအတွင်း ကန်များရေခန်း ခြောက်စပြုနေသည့် ကျေးရွာအချို့နှင့် အဝီစိစက်ရေတွင်း လုံးဝမရှိသော ကျေးရွာများ၊ စက်ရေတွင်းရှိသော်လည်း ရေမအောင်သည့် ကျေးရွာအချို့တွင် သောက်သုံးရေ အခက်အခဲများ သိသာစွာ ကြုံတွေ့လာရကြောင်း သိရသည်။မကွေးမြို့နယ် ကြို့ပင်အင်းကျေးရွာတွင် အဝီစိစက်ရေတွင်း ရှိသော်လည်း ထိုတွင်းမှ ထွက်သောရေသည် သောက်သုံးရန်နှင့် ချက်ပြုတ်ရန် အသုံးပြုမရသောကြောင့် စမ်းတွင်းများ တူး၍ရေခပ်ယူရလေ့ရှိကြောင်း၊ ယမန်နှစ် နွေရာသီ နေပူရှိန်ပြင်းချိန်က မွန်းလွဲပိုင်း နေအပူဆုံးအချိန်များတွင်ပင် တန်းစီပြီး ခပ်ယူရသောကြောင့် ကျန်းမာရေးထိခိုက်မှုများ ကြုံခဲ့ရကြောင်း၊ အင်ကြင်းကိုင်းကျေးရွာတွင် အဝီစိစက်ရေတွင်း လုံးဝမရှိဘဲ ကျေးရွာအနီး ချောင်းအတွင်း၌ စမ်းတွင်းများ တူး၍ ရေခပ်ယူနေရကြောင်း၊ ထိုတွင်းများသည် နွေရာသီတွင် ရေခန်းသောကြောင့် ၁၀ ပေကျော်အထိ တူးရလေ့ရှိကြောင်း၊ ညအချိန်များတွင်ပင် ရေတန်းစီ ခပ်ယူခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။“ရွာကအိမ်ခြေ ၃၀ ကျော်လောက်ဆိုပေမယ့် စမ်းတွင်း တစ်တွင်းက ရေတစ်ပီပါရဖို့ တစ်နာရီလောက် စောင့်ခပ်ရတော့ ရေကိုပဲအလုပ်တစ်ခုလို လုပ်နေရပါတယ်။ နွေရောက်ရင်တော့ ညလုံးပေါက်လောက် မိသားစုတွေ ရေတန်းစီကြရပါတယ်။ အရင်နှစ်က ကျေးလက်ဖွံ့ဖြိုးရေးဌာနက ကွင်းဆင်းကြည့်ခဲ့ပေမယ့် ရွာကရောဘယ်လောက်တတ်နိုင်လဲမေးပြီး ဘာရေတွင်းမှ တူးမပေးခဲ့ပါဘူး”ဟု မကွေး မြို့နယ် အင်ကြင်းကိုင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။ချောက်မြို့နယ်အတွင်း ၂၀၁၅ ခုနှစ်က ရေအခက်အခဲ ကြုံခဲ့သည့် ကျေးရွာပေါင်း ၄၀ ကျော်ရှိကြောင်း၊ ရေလှူပေးခဲ့သူများထံမှ သိရပြီး ဂွေးချိုတောင်အနီးတစ်ဝိုက် မြေအောက်ရေကြောတွင် ရေချိုမရှိသောကြောင့် ဂွေးချို၊ ရှားပင်၊ မကြီးစောက်ကျေးရွာများတွင် နှစ်စဉ်ရေအခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း ဂွေးချို ကျေးရွာအတွက် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ တူးပေးခဲ့သော ရေတွင်းမှ ရေအောင်ခဲ့သော်လည်း ကျေးရွာနှင့် နှစ်မိုင်ခန့်ဝေးသော နေရာတွင် တည်ရှိနေသောကြောင့် ရွာသို့ ရေသွယ်ရန် ပိုက်များ လိုအပ်နေကြောင်း၊ ချောက်မြို့ နယ် သန်းပင်တောင်ရွာနှင့် မြောက်ရွာနှစ်ရွာပေါင်း အိမ်ခြေ ၃၅၀ ခန့်အတွက် ထိုကျေးရွာများအနီး ရေကန်တွင် ရေလုံးဝခန်းခြောက်နေကြောင်း၊ ထိုကျေးရွာဒေသခံများမှာ အခြား ကျေးရွာမှ ရေကန်သို့ သွားခပ်ကြရကြောင်း၊ ကျေးရွာရှိ ပေ ၁၂၀၀ နက်သော အဝီစိတွင်းမှာ လွန်ခဲ့သော နှစ် ၃၀ ခန့်က တူးဖော်ခဲ့သည့် တွင်းဖြစ်သောကြောင့် တစ်နာရီလျှင် ရေခုနစ်ပီပါခန့်သာ ထွက်တော့ကြောင်း သိရသည်။“ကျွန်တော်တို့ရွာမှာ နွေရာသီတော့ မပြောပါနဲ့။ အခုကိုပဲ ရေတစ်ပီပါ ကျပ် ၁၂၀၀နဲ့ ဝယ်သုံးနေရပြီ။ အခုချိန်မှာ လက်လုပ် လက်စားတွေအတွက် ဘာဝင်ငွေမှ မရှိတော့  ရေဖိုးအတွက် ဒုက္ခရောက်ကြပါတယ်။ အခုကိုပဲ လူတွေက ရေချိုးချင်တိုင်း မချိုးကြရပါဘူး” ဟု ချောက်မြို့နယ် သန်းပင်ကျေးရွာမှ တောင်သူ ဦးတင်ဝင်းကပြောကြားသည်။ချောက်မြို့နယ် ရှားပင်ကျေးရွာမှ ကိုညီဇော်ချစ်က “အရင်တစ်ပတ်က အလဲဗင်းမှာ ရေရှားကြောင်း သတင်းပါလာတော့ ကျေးလက်ဦးစီးဌာနက တာဝန်ရှိသူတွေ ကျွန်တော်တို့ရွာကိုလာပြီး အဲဒီသတင်းပေးသူကို စုံစမ်းထားပေးပါလို့ မှာသွားပါတယ်။ အဲဒီရက်ပိုင်းမှာပဲ အစိုးရသတင်းစာမှာ မကွေးတိုင်းအတွင်း ရေမရှားပါဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ သတင်းတက်လာပါတယ်။ အဲဒီမှာပါတဲ့ဓာတ်ပုံက ကျွန်တော်တို့ရွာနားက အဝီစိတွင်းရှိတဲ့ရွာမှာ ဆင်ပြီးရိုက်သွားတာပါ”ဟု ပြောကြားသည်။ 

Most Read

Most Recent