Eleven Media Group ၏ ဂုဏ်သတင်း နှင့်သိက္ခာကို ထိခိုက်နစ်နာစေသဖြင့် ဦးလှဆွေအား တရားစွဲသောအမှု ရုံးငြင်းချက်ပြင်ဆင်ပေးရန် EMG ၏ လျှောက်ထားမှုကို ဦးလှဆွေဘက်မှ ကန့်ကွက်ခဲ့၍ ဖေဖော်ဝါရီ ၁၁ ရက် (၆) ကြိမ်မြောက်ရုံးချိန်း၌ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် နှစ်ဖက်လျှောက်လဲချက် ပေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ထံမှ သိရသည်။ပြီးခဲ့သည့်ဇန်နဝါရီ ၁၄ ရက် (၅) ကြိမ် မြောက်ရုံးချိန်းတွင် တရားမ ကျင့်ထုံးဥပဒေအမိန့် ၁၄၊ နည်း (၅) အရ ငြင်းချက်ပြင်ပေးပါရန်အတွက် Eleven Media Group ၏ အကျိုးဆောင်ရှေ့နေ၏ လျှောက်ထားမှုကို တရားပြိုင် ဦးလှဆွေမှ ကန့်ကွက်ခဲ့ကြောင်း၊ ထိုသို့ ငြင်းချက်ပြင်ဆင်ပေးရန် လျှောက်ထားမှုကို ဖေဖော်ဝါရီ ၁၁ ရက်တွင် နှစ်ဖက်လျှောက်လဲချက် ပေးခဲ့ပြီး မတ် ၃ ရက် မွန်းလွဲ ၁ နာရီ တွင် ကြားဖြတ်အမိန့်ချမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆက်လက်ပြောကြားသည်။ဦးလှဆွေသည် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြခြင်းနှင့် Myanmar Cable Network TV ဖြေကြားချက်များတွင် EMG ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသဖြင့် ၎င်းထံမှ နစ်နာကြေး ငွေကျပ် သိန်း ၆၀၀၀ ရလိုမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ EMG ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်က တရားလိုအဖြစ် လျှောက်ထားခဲ့ရာ စက်တင်ဘာ ၁၄ ရက်တွင် တိုင်းတရားလွှတ်တော်က အမှုကို လက်ခံခဲ့သည်။အဆိုပါအမှုကို တိုင်းတရားလွှတ်တော်မှ တရားမကြီးအမှု အမှတ် ၁၀၈/၂၀၁၅ ဖြင့် တရားသူကြီး ဒေါ်စိုးစိုးအောင်က စစ်ဆေးနေခြင်းဖြစ်သည်။















