ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် မြန်မာနိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။“လေဖိအားနည်းရပ်ဝန်းကနေ ပြတ်ထွက်လာတဲ့ တိမ်တွေကြောင့်တော့ မိုးအနည်းငယ် ရွာနိုင်တယ်။ လောလောဆယ်တော့ မြောက်ပိုင်းဒေသတွေ ရွာနိုင်မယ်။ လေဖိအားနည်းက အပေါ်ကို တက်မှာဆိုတော့ မိုးအရမ်းမများဘူး။ နောက်နှစ်ရက်သုံးရက်လောက်တော့ ရွာဖို့ရှိသေးတယ်။ တောင်ပိုင်းလည်း အနည်းငယ်ရွာနိုင်တယ်။ အရှေ့လေပွေလှိုင်းက အားကောင်းနေတဲ့အတွက် လေဖိအားနည်းရပ်ဝန်းက သီရိလင်္ကာဘက်ကို သွားနေတယ်။ မြောက်ပိုင်းက မိုးရွာနေတာတော့ နှစ်ရက်သုံးရက်ရှိပြီ” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်တွင် အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်း ဆက်လက်တည်ရှိနေသည်။ဖေဖော်ဝါရီ ၉ရက်တွင် မိုးရွာသွန်းခဲ့သည့် အခြေအနေ တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး ထူးခြားသည့် အပူချိန်များအနေဖြင့် နမ့်စန်မြို့နှင့် ဟားခါးမြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်နှင့် ပြင်ဦးလွင်မြို့တွင် ၉ ဒီဂရီစင်တီဂရိတ်တို့ရှိကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းမှ တိမ်တိုက်များကြောင့် မြန်မာနိုင်ငံအနှံ့အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်















