ဖြုတ်ချခံ တူနီးရှား သမ္မတဟောင်း ဘင်အလီ၏ ပိုင်ဆိုင်မှုများမှ ဒေါ်လာ သန်း ၅၀၀ ကို ပြန်လည်ရယူနိုင်ခဲ့

ဖြုတ်ချခံ တူနီးရှား သမ္မတဟောင်း ဘင်အလီ၏ ပိုင်ဆိုင်မှုများမှ ဒေါ်လာ သန်း ၅၀၀ ကို ပြန်လည်ရယူနိုင်ခဲ့
Published 11 February 2016

ရာထူးမှ ဖြုတ်ချခံခဲ့ရသော တူနီးရှားသမ္မတဟောင်း ဇိုင်အီအဘီဒိုင်ဘင်အလီနှင့် သူ၏မဟာမိတ်များထံမှ သိမ်းယူရရှိခဲ့သော ပိုင်ဆိုင်မှုများကို ပြန်လည်ရောင်းချမှုများမှ ဒေါ်လာသန်း ၅၀၀ နီးပါး ရရှိခဲ့ကြောင်း တူနီရှား ဘဏ္ဍာရေးဝန်ကြီး ဆလင်ချက်ကာက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီတွင် လူထုတော်လှန်ရေးကြောင့် ဘင်အလီသည် ဆော်ဒီသို့ ထွက်ပြေးခဲ့ရပြီးနောက် လပိုင်းအတွင်း ငွေကြေးအကျပ်အတည်း ကြုံနေရသော အစိုးရသည် ဘင်အလီ၊ သူ၏ မိသားစုနှင့် မဟာမိတ်များ ပိုင်ဆိုင်သည့် ရာနှင့်ချီသော လုပ်ငန်းများ၊ အိမ်ခြံမြေများ၊ ဇိမ်ခံကားများနှင့် လက်ဝတ်ရတနာများကို သိမ်းယူခဲ့သည်။ ယင်းပစ္စည်းများကို အစိုးရက ၂၀၁၁ ခုနှစ်မှ စတင်၍ ပြန်လည်ရောင်းချခဲ့ပြီး တူနီးရှားငွေကြေး ဒိုင်နာ ၁ ဒသမ ၅ ဘီလျံ (ယူရို ၄၄၂ သန်း) ပြန်လည် ရရှိခဲ့ကြောင်း ဆလင်ချက်ကာက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အကုန်တွင် ပြုလုပ်ခဲ့သော လေလံပွဲတစ်ခု အပါအဝင် ယခုအချိန်ထိ ၎င်းတို့၏ ပိုင်ဆိုင်မှု အချို့ကိုသာ ရောင်းချနိုင်သေးကြောင်း သိရသည်။ ကျန်ရှိသော သိမ်းဆည်းခံ ပစ္စည်းများကို လေလံတင် ရောင်းချရာတွင်  စာရွက်စာတမ်းများ ပြုလုပ်ရခြင်း၊ ပညာရှင်များက လေ့လာဆန်းစစ်ရခြင်းနှင့် တင်ဒါခေါ်ယူခြင်းတို့ အပါအဝင် အခက်အခဲအချို့ ရှိနေကြောင်း ယင်းဝန်ကြီးက ပြောကြားခဲ့သည်။ ကားသော့မရှိသော ကားအများအပြား ရှိနေကြောင်း၊ ထို့ပြင် ယခင်ပိုင်ရှင်များ၏ အမည်များဖြင့် မှတ်ပုံတင်ထားဆဲ ဖြစ်သည့် ကားအများအပြား ရှိနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ယင်းရောင်းချမှုများမှ ရရှိသော ဝင်ငွေများကြောင့် အစိုးရအသုံးစရိတ်ကို အထောက်အကူပြုစေခဲ့ပြီး အစိုးရသည် ပြည်ပမှ ချေးငွေများကို လျှော့ချနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆွေမျိုးကောင်းစားရေး ဝါဒနှင့် အစိုးရ အကျင့်ပျက် ခြစားမှုများသည် ဘင်အလီ အစိုးရလက်ထက်တွင် အမြစ်တွယ်ခဲ့ပြီး အာရပ်နွေဦး တော်လှန်ရေး စတင်ချိန်တွင် ၎င်း၏အစိုးရရာထူးမှ ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။
Ref : AFP

Most Read

Most Recent