မိုဆူးဆည်၏ အန္တရာယ်က IS တို့အား ချေမှုန်းရာတွင် သက်ရောက်မှုရှိဟု အီရတ် ပြောကြား

မိုဆူးဆည်၏ အန္တရာယ်က IS တို့အား ချေမှုန်းရာတွင် သက်ရောက်မှုရှိဟု အီရတ် ပြောကြား
Published 11 February 2016

အီရတ်နိုင်ငံ၏ အကြီးဆုံးဆည် ကျိုးပျက်လျက် မိုဆူးမြို့သို့ ကြီးမားသည့် ရေလှိုင်းများ ဖုံးလွှမ်းနိုင်သည့် အန္တရာယ်သည် IS တို့ ထံမှ မြို့ကို ပြန်လည်သိမ်းယူရန် အစီအစဉ်များအပေါ် သက်ရောက်မှုရှိသည်ဟု အီရတ်ဝန်ကြီးချုပ်ရုံး အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။
အီရတ်စစ်တပ်သည် IS အဖွဲ့က ၎င်းတို့နိုင်ငံဟု ကြေညာထားသော နယ်မြေအတွင်း အကြီးဆုံးမြို့ဖြစ်သည့် မိုဆူးမြို့ကို ပြန်လည်သိမ်းယူရန်အတွက် စစ်ဆင်ရေးများ ပြင်ဆင်ခြင်းအဖြစ် နောက်ပိုင်းစစ်အခြေစိုက် စခန်းသို့ ထောင်နှင့်ချီသော စစ်သားများကို ချထားလျက်ရှိသည်။
မိုဆူးမြို့၏ အနောက်မြောက်ဘက် ၄၀ ကီလိုမီတာ (၂၅ မိုင်) ခန့်ကို နေရာယူထားသော တည်ငြိမ်မှုမရှိသည့် အဆိုပါဆည် ကျိုးပျက်သွားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။ အဆိုပါဆည် ကျိုးပျက်ပါက မိုဆူးမြို့ အစိတ်အပိုင်း အများစုကို တိုက်စားသွားပြီး ဘဂ္ဂဒက်မြို့၏ ကျယ်ပြန့်သော အစိတ်အပိုင်းများ ရေလွှမ်းမိုးခံရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
အမေရိကန်တို့က ကက်ထရီနာ မုန်တိုင်းနှင့် ကြိမ်ဖန်များစွာ ခိုင်းနှိုင်းခဲ့ပြီး မိုဆူးဆည် ကျိုးပျက်သွားပါက ယင်းထက် အဆ ၁၀၀၀ ပို၍ ဆိုးလိမ့်မည်ဟု ဝန်ကြီးချုပ် ဟေဒါအယ်အဘာဒီ၏ရုံးမှ အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။
ဟာရီကိန်းမုန်တိုင်း ကက်ထရီနာသည် ပြင်းထန်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေကာ ၂၀၀၅ ခုနှစ်က နယူးအော်လင်းမြို့ကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၂၀၀၀ နီးပါးကို သေဆုံးစေခဲ့သည်။
"ဆည်ကျိုးပျက်သွားရင် မိုဆူးမြို့လယ်ဟာ ရေလှိုင်းအောက် ပေလေးငါးဆယ် (၁၂ မီတာကနေ ၁၅ မီတာ) ကို ရောက်သွားလိမ့်မယ်" ဟု အမည်မဖော်လိုသူ အဆိုပါ အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
"အဲဒီရေလှိုင်း ပြန်ကျသွားရင်တောင်မှ လူပေါင်း ၅၀၀,၀၀၀ လောက်ဟာ တစ်နာရီအတွင်း သေဆုံးရပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
သူက ၎င်းဆည်၏ အောက်ဘက် မိုင်ပေါင်းရာနှင့်ချီလျက် အကွာတွင်ရှိသော ဆမာရာမြို့ရှိ အခြားဆည် တစ်ခုလည်း ကျိုးပျက်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ပါက ရေလှိုင်းများသည် ဘဂ္ဂဒက်မြို့သို့ ရောက်ရှိသည့်အခါ မီတာပေါင်းများစွာ မြင့်နေဆဲ ဖြစ်လိမ့်မည်ဟု ဆိုသည်။
အီရတ် ပါလီမန် ဝက်ဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၈ ရက်က ဖော်ပြခဲ့သော အမေရိကန်၏ လေ့လာသုံးသပ်ချက် တစ်ရပ်အရ မိုဆူးဆည်သည် မူလက နားလည်ထားသည်ထက် သိသိသာသာ ပို၍ အန္တရာယ်ကြီးမားကြောင်း သိရသည်။           
Ref : AFP

Most Read

Most Recent