လောင်စာ အကျပ်အတည်းကြောင့် နီပေါတို့ နေစွမ်းအင်ကို အားကိုးလာ

လောင်စာ အကျပ်အတည်းကြောင့် နီပေါတို့ နေစွမ်းအင်ကို အားကိုးလာ
Published 7 February 2016
Ref: AFP

လပေါင်းများစွာ ကြာမြင့်သော လောင်စာ အကျပ်အတည်းကြောင့်  အမှောင်ကျမှုများ ရင်ဆိုင်ခဲ့ပြီးနောက် နီပေါစီမံခန့်ခွဲမှုရေးရာ အတိုင်ပင်ခံ ပန်ကက်ရှရီစထာသည် ခတ္တမန္ဒူရှိ သူ၏အိမ်အတွက် ဆိုလာပြားများ ဝယ်ယူ တပ်ဆင်ခဲ့သည်။"ပထမတော့ ဟင်းချက်ဖို့ရာ အတွက် ဂက်စ်မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ လျှပ်စစ်ပေါင်းအိုး ဝယ်ခဲ့ပါတယ်။ အဲဒါပြီးတော့ လျှပ်စစ်မီး မရပြန်ပါဘူး။ ကျွန်တော်တို့ ဘယ်လိုလုပ် ချက်ကြရမှာလဲ" ဟု အသက် ၅၂ နှစ် အရွယ် ရှရီစထာက မေးခဲ့သည်။ တစ်ရက်လျှင် ၁၅ နာရီအထိ ကြာသော လျှစ်စစ်မီး ပြတ်တောက်မှုနှင့် မီးစက်အတွက် ဒီဇယ်ဈေးနှုန်း တစ်ရှိန်ထိုး မြင့်တက်မှုကြောင့် နီပေါ၏ ဆိုလာ လျှပ်စစ်ဓာတ်အား လုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာခဲ့သည်။ဆိုလာပြားများသည် ဆင်းရဲသော နီပေါသန်းပေါင်း များစွာအတွက် လက်လှမ်းမမီသော်လည်း နီပေါ၏ လောင်စာအကျပ်အတည်းကြောင့် စိတ်ပျက်နေကြသော လူလတ်တန်းစားတို့သည် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ရင်းနှီး မြှုပ်နှံလာကြမည်ဟု ဆိုလာလုပ်ငန်းက ယုံကြည်ထားသည်။"ဆိုလာစွမ်းအင်သုံးတဲ့ အိမ်အရေအတွက်ဟာ နှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးတက်နေခဲ့ပါတယ်။ လောင်စာအကျပ်အတည်း ကြုံခဲ့ပြီးနောက်ပိုင်းမှာ မြို့ပြမှာလည်း ဆိုလာကို စိတ်ဝင်စားမှု မြင့်တက်လာနေတာကြောင့် မကြာမီ နှစ်များ အတွင်းမှာ ဒီလုပ်ငန်းက ဖွံ့ဖြိုးလာမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်" ဟု နိုင်ငံပိုင် Alternative Energy Promotion Centre မှ ဥက္ကဋ္ဌ ရမ်ပရာဆပ်ဒီတာက ပြောကြားခဲ့သည်။ကုန်းတွင်းပိတ်နိုင်ငံ နီပေါသည် ဓာတ်ဆီ၊ ဒီဇယ်နှင့် ဟင်းချက်ဓာတ်ငွေ့အတွက် အိမ်နီးချင်း အိန္ဒိယကို  မှီခိုနေခဲ့ရသည်။ သို့သော်လည်း လွန်ခဲ့သော လေးလက နယ်စပ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းလောင်စာများနှင့် အခြားအရေးကြီးသော ကုန်စည်များကို အိန္ဒိယမှ ဝင်ရောက်မှု နှေးကွေးသွားခဲ့သည်။ နီပေါ၏ မာဒေစီ တိုင်းရင်းသားများက စက်တင်ဘာလတွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်သည့် အနေဖြင့် အိန္ဒိယနှင့် နယ်စပ်ကို ပိတ်ဆို့ထားခဲ့ကြသည်။ နီပေါအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့သောကြောင့် လောင်စာအတွက် ညလုံးပေါက် တန်းစီရခြင်းသည် နီပေါတွင် နိစ္စဓူဝဖြစ်လာပြီး မှောင်ခိုဒီဇယ်နှင့် ဟင်းချက်ဓာတ်ငွေ့တို့အတွက် တရားမဝင် ဈေးကွက်လည်း ကြီးထွားလာခဲ့သည်။နီပေါတွင် ပင်မလျှပ်စစ်ဓာတ်အားလိုင်းမှ လျှစ်စစ်ဓာတ်အား မရရှိသော ကျေးလက်အိမ်ထောင်စုများကို ဆိုလာလုပ်ငန်းများက ပစ်မှတ်ထားခဲ့ကြသည်။ အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကလည်း လျှပ်စစ်ဓာတ်အား လိုအပ်နေသော အိမ်ထောင်စု ၇၅၀၀၀၀ ကျော် အတွက် ဆိုလာပြားများကို အမတော်ကြေးဖြင့် ရောင်းချပေးခဲ့သည်။ သို့သော်လည်း ယခုလအတွင်း ကျင်းပခဲ့သော ခတ္တမန္ဒူ ကုန်စည်ပြပွဲ၌ သန့်စင်စွမ်းအင်ကို စိတ်ဝင်စားသူ အလွန်များပြားခဲ့သည်။ သုံးရက်ကြာ ပြပွဲတွင် ဆိုလာစွမ်းအင် ကုမ္ပဏီများသည် ဒေါ်လာ ၁၈ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း ပြပွဲစီစဉ်သူများက ပြောကြားခဲ့သည်။ ယုံကြည်စိတ်ချရသော ကိန်းဂဏန်းများ မရရှိနိုင်သော်လည်း ဆိုလာထုတ်လုပ်သူများ အသင်းက နီပေါတွင် နှစ်စဉ် ဆိုလာရောင်းအားသည် ဒေါ်လာ သန်း ၁၄၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ရှရီစထာသည် သူ့၏အိမ်အတွက် ဝပ် ၄၂၀၀ ရှိသော ဆိုလာစနစ်ကို ပြီးခဲ့သည့်လက တပ်ဆင်ခဲ့ရာ ဒေါ်လာ ၆၅၀၀ နီးပါး ပေးခဲ့ရသည်။ နီပေါသည် တစ်နှစ်လျှင် ရက် ၃၀၀ ကျော် နေရောင်ခြည်ရရှိပြီး ကမ္ဘာတွင် ဆိုလာစွမ်းအင် သုံးစွဲမှု၌ ရှေ့ဆောင်နိုင်ငံဖြစ်သော ဂျာမနီထက်ပင် နေရောင်ခြည် ရရှိသည့်ရက် ပိုများသည်။ သို့သော်လည်း  နီပေါ၏ စွမ်းအင်ပြဿနာကို ဖြေရှင်းရာတွင် အလားလာရှိသော ဆိုလာစွမ်းအင်ထက် ရေအားလျှပ်စစ်ကို ပိုမိုအားစိုက်ခဲ့သည်။နီပေါ၏ ရေအားလျှပ်စစ် စွမ်းအင်သည် မဂ္ဂါဝပ် ၈၀၀ ခန့်သာ ထုတ်လုပ်နိုင်ပြီး အလားအလာရှိသော ထုတ်လုပ်မှု၏ ၁ ဒသမ ၉ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်စွမ်းရှိသည်။နှစ်စဉ် တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၇၀၀ ခန့်သာ ရှိသော နီပေါအတွက် ဆိုလာစွမ်းအင်သည် ဈေးကြီးလွန်းနေဆဲ ဖြစ်သည်။ ဆိုလာစွမ်းအင်မှ ဝပ် ၁၂၀ ရရှိရန် ဒေါ်လာ ၄၀၀ ခန့် ကုန်ကျသည်။"ကျွန်တော်တို့က နှစ်စဉ် မီးစက်အတွက် ဒေါ်လာ သန်းနဲ့ချီပြီး သုံးစွဲရပါတယ်။ ဆိုလာက ဈေးမပေါပါဘူး။ ဒါပေမဲ့ တစ်ခါပဲ ရင်းနှီးမြှုပ်နှံရတာပါ" ဟု နီပေါဂန်ဆေးကောလိပ်၏ ဥက္ကဋ္ဌ ဒီနက်ရှရီစထာက ပြောကြားခဲ့သည်။

Most Read

Most Recent