ထိုင်ဝမ်တွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့ရာ အထပ်မြင့် လူနေတိုက်များ ပြိုကျပြီး ခုနစ်ဦးထက်မနည်း သေဆုံး

ထိုင်ဝမ်တွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့ရာ အထပ်မြင့် လူနေတိုက်များ ပြိုကျပြီး ခုနစ်ဦးထက်မနည်း သေဆုံး
Published 6 February 2016

ထိုင်ဝမ်တွင် ဖေဖော်ဝါရီ ၆ ရက်အစောပိုင်းက အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ၁၆ ထပ်မြင့်သော လူနေတိုက်တစ်လုံး ပြိုကျခဲ့ရာ သေဆုံးသူ ခုနစ်ဦးထက်မနည်းရှိပြီး အပျက်အစီးပုံထဲတွင် ပိတ်မိနေသူ ၃၀ ကျော်ရှိနေနိုင်ကြောင်း သိရသည်။ တရုတ်နှစ်ကူးပွဲတော်အတွက် မိသားစုများ စုံညီစွာရောက်နေသော အချိန်တွင် တိုက်ပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သမိုင်းဝင်မြို့ တိုင်နန်တွင် ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိသည့် မြေငလျင်တစ်ခုသည် ညလယ်ပိုင်းအချိန်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး  အိမ်ခန်း ၁၀၀ နီးပါးရှိသော အဆောက်အအုံတစ်ခုလုံး ပြိုကျသွားခဲ့သည်။သေဆုံးနေသော အသက် ၁၀ ရက်အရွယ် ကလေးငယ် မိန်းကလေးတစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ကို အဆိုပါတိုက်ထဲမှ ဆွဲထုတ်ခဲ့ရသည်ဟု အမျိုးသား မီးသတ်တပ်ဖွဲ့မှ အရာရှိများက ပြောကြားခဲ့ပြီး ထိုပြိုကျခဲ့သော တိုက်အပျက်အစီးထဲတွင် လူပေါင်း ၃၀ ဝန်းကျင် ပိတ်မိနေနိုင်သည်ဟု သတင်းများထဲတွင် ဖော်ပြခဲ့သည်။ တတိယမြောက် သေဆုံးခဲ့သည့် အမျိုးသမီးသည် အခြားနေရာမှဖြစ်ပြီး ရေတိုင်ကီပြုတ်ကျမှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ကျန်နှစ်ဦး၏ သေဆုံးရသည့် အသေးစိတ် အကြောင်းရင်း  မသိရသေးပေ။ပြိုကျခဲ့သော ဝေကွမ် (Wei-kuan) အမည်ရ အဆိုပါတိုက်ထဲမှ လူပေါင်း ၂၀၀ ကျော်ကို ကယ်ဆယ်ရေးသမားများက ကယ်ထုတ်နိုင်ခဲ့ပြီး လူ ၄၀ ကျော်ကို ဆေးရုံပို့ခဲ့ရသည်။ ထိုတိုက်ထဲတွင် တရားဝင်နေထိုင်သူအဖြစ် စာရင်းပေးထားသူ ၂၅၆ ဦးရှိသည်ဟု သိရသည်။ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် တပ်ဖွဲ့ဝင် ၄၀၀ ကျော်ကို တပ်ဖြန့်ထားကြောင်း သိရသည်။“အဆောက်အအုံတွေ အပေါ်အောက်၊ ဘယ်ညာယိမ်းထိုးနေကြတာကို တွေ့ခဲ့ရပါတယ်” ဟု အဆိုပါတိုက်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။တိုင်နန်ရှိ သုံးထပ်တိုက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက နေမထွက်မီ ငလျင်လှုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄၅ ဒီဂရီ တိမ်းစောင်းမှုကြောင့် အခန်းတွင်းမှ ပစ္စည်းများ ပြုတ်ကျခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံ CCTV သို့ ပြောကြားခဲ့သည်။ယခုလှုပ်ခတ်ခဲ့သည် မြေငလျင်ကြောင့် အခြားသော ခုနစ်ထပ်မြင့်သည့် လူနေတိုက်တစ်လုံးလည်း ပြိုကျခဲ့သော်လည်း လူပေါင်း ၃၀ ထက်မနည်း လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။ မြေငလျင်ကြောင့် တိုင်နန်မြို့တစ်ဝန်းတွင် ဒဏ်ရာရသူ ၃၁၆ ဦးရှိပြီး လူပေါင်း ၆၀ ကျော်ကို ဆေးရုံတင်ခဲ့ရသည်။တိုင်နန်သည် ထိုင်ဝမ်တွင် သက်တမ်းအရှည်ဆုံး မြို့ဖြစ်ပြီး လူ ၁ ဒသမ ၉ သန်းခန့် နေထိုင်သည်။တရုတ်အစိုးရက လိုအပ်ပါက ကယ်ဆယ်ရေး အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။ ယခုငလျင်သည် ထိုင်ဝမ်၏ ဒုတိယအကြီးဆုံးမြို့ ခေါင်ရှန်၏ အရှေ့မြောက်ဘက် ၃၉ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာသို့ ဗဟိုပြုပြီး ဂရင်းနစ်စံတော်ချိန် ၂၀း၀၀ နာရီက လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ခေါင်ရှန်မြို့သည် ထိုင်ဝမ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး အရေးကြီးသော ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ထိုင်ဝမ်သည် မြေလွှာကြောကြီးနှစ်ခုဆုံရာ အနီးတွင်ရှိပြီး ငလျင်ဒဏ်ကို မကြာခဏ ခံရလေ့ရှိသည်။ ၂၀၁၃ ခုနှစ် ဇွန်လက ထိုင်ဝမ်အလယ်ပိုင်းတွင် ၆ ဒသမ ၃ အင်အားရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူလေးဦး သေဆုံးခဲ့သည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာက ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၂၄၀၀ ကျော်ရှိခဲ့သည်။         Ref : AFP

Most Read

Most Recent