နယူးယောက်တွင် ကြီးမားသည့် ဝန်ချီစက်ကြီးတစ်ခု ပြိုလဲခဲ့ရာ လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

နယူးယောက်တွင် ကြီးမားသည့် ဝန်ချီစက်ကြီးတစ်ခု ပြိုလဲခဲ့ရာ လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
Published 6 February 2016

နယူးယောက်မြို့ မန်ဟန်တန် အောက်ပိုင်းတွင် ဖေဖော်ဝါရီ  ၅ ရက်က အလွန်ကြီးမားသည့် ဝန်ချီစက်ကြီးတစ်ခု ပြိုလဲခဲ့ရာ လူတစ်ဦးထက်မနည်း သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု မြို့တော်ဝန် ဘေဒီဘလာစီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဒဏ်ရာရသူ သုံးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုအပါအဝင် ရာသီဥတုဆိုးရွားမှုကြောင့် ထရီဘီကာ ရပ်ကွက်ထဲမှ ထိုဝန်ချီစက်ကြီးကို ဘေးကင်းလုံခြုံရေးအတွက် အောက်သို့ နှိမ့်ချနေကြစဉ် ဝေါ့လမ်းမပေါ်သို့ အလျားလိုက် ပြိုလဲကျခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်အဆောက်အအုံလေးခု ပျက်စီးခဲ့ပြီး ရပ်ထားသောကားထဲတွင် ထိုင်နေခဲ့သူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။ ၅၆၅ ပေ (မီတာ ၁၇၀) မြင့်သော ဝန်ချီစက်ပြိုကျရခြင်းသည် လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။ထိုသို့ ဝန်ချီစက်ကြီး မပြိုကျမီ မိနစ်အနည်းငယ်အလိုက ဆောက်လုပ်ရေး အလုပ်သမားများသည် ထိုနေရာဝန်းကျင်မှ လမ်းသွားလမ်းလာများ၊ ကားများကို လမ်းကြောင်းပြောင်းရန် ပြောခဲ့ကြသည်။ ဆောက်လုပ်ရေး အလုပ်သမားထဲတွင် ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။ “ဘုရားမတာပဲ။ ဒီကိစ္စဟာ ပိုပြီးဆိုးမသွားခဲ့ပါဘူး” ဟု မြို့တော်ဝန် ဘလာစီယိုက ဆိုခဲ့သည်။ ဝန်ချီစက်ရှိရာ ပတ်ဝန်းကျင်သည် ရုံးခန်းများဖြင့် ပြည့်နေသောကြောင့်  ရုံးဆင်းရုံးတက်ချိန်များ၌ လမ်းများမှာ အလွန်ပြည့်ကျပ်နေလေ့ရှိသည်။ သို့သော် ကြိုတင်သတိပေးမှုကြောင့် သေဆုံးသူဦးရေကို လျှော့ချနိုင်ခဲ့သည်ဟု မြို့တော်ဝန်က ဆိုခဲ့သည်။ယခုဝန်ချီစက်ကြီးသည် ၁၉၃၀ ပြည့်နှစ်က တည်ဆောက်ထားသော ''Western Union'' အဆောက်အအုံ၏ အမိုးပေါ်၌ လေအေးပေးစက်စနစ်နှင့် မီးစက်များ အစားထိုး လဲလှယ်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ဝန်ချီစက်ပြိုကျသည့် နေရာကို မြေအောက်ရထားများက လမ်းလွှဲသွားခဲ့ကြသဖြင့် အများပြည်သူပို့ဆောင်ရေးစနစ်များ နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟု သိရသည်။ ထိုဝန်ချီစက်ကို Bay Crane ကုမ္ပဏီက ပိုင်ဆိုင်ပြီး Galasso Trucking and Rigging ကုမ္ပဏီက အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။နယူးယောက်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် ဝန်ချီစက် မတော်တဆမှုမှာ ၂၀၀၈ ခုနှစ်ကဖြစ်သည်။ လက်ရှိတွင် မြို့တွင်းရှိ ပြောင်းရွှေ့နိုင်သော ဝန်ချီစက် ၃၇၆ လုံး၊ မပြောင်းရွှေ့နိုင်သော ဝန်ချီစက် ၄၃ လုံးတို့ကို ဘေးကင်းလုံခြုံသော အနေအထား၌ ထားရှိရန် အမိန့်ထုတ်ထားသည်ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။Ref : AFP

Most Read

Most Recent