ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲ၌ ဆန်းဒါးနှင့် ကလင်တန်တို့ အကြိတ်အနယ်ဖြစ်နေ

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲ၌ ဆန်းဒါးနှင့် ကလင်တန်တို့ အကြိတ်အနယ်ဖြစ်နေ
Published 6 February 2016

ယခုအခါ ဟီလာရီကလင်တန်နှင့် ဘာနေးဆန်းဒါးတို့သည် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲ၌ အကြိတ်အနယ်ဖြစ်နေကြောင်း ဖေဖော်ဝါရီ ၅ ရက်၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသော စစ်တမ်းတစ်ရပ်က ဖော်ပြနေသည်။ ဗားမွန့် အထက်လွှတ်တော်အမတ် ဆန်းဒါးသည် ကလင်တန်ထက် နှစ်ရာခိုင်နှုန်းသာ နည်းလျက်ရှိနေသည်ဟု ဆိုသည်။ယခုသီတင်းပတ်တွင် ပြုလုပ်ခဲ့သည့် အိုင်အိုဝါ ရွေးကောက်ပွဲ၌ ကလင်တန်သည် နှာတစ်ဖျားအသာဖြင့်သာ အနိုင်ရရှိခဲ့ပြီးနောက် ယခုစစ်တမ်းက ဆန်းဒါးသည် ကာလကြာရှည်စွာကတည်းက လူကြိုက်များမှုတွင် ထိပ်မှပြေးနေသည့် နိုင်ငံခြားရေး ဝန်ကြီးဟောင်းကို ကပ်လျက်သား လိုက်နေကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။Quinnipian University စစ်တမ်းက မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်များကို စစ်တမ်းကောက်ယူခဲ့ရာတွင် ကလင်တန်နှင့် ဆန်းဒါးတို့သည် ၄၄  ရာခိုင်နှုန်းနှင့် ၄၂ ရာခိုင်နှုန်း အသီးသီး ရရှိနေသည်။ ဒီဇင်ဘာ ၂၂ ရက်က စစ်တမ်းကောက်ယူခဲ့ရာတွင် ၎င်းတို့နှစ်ဦးသည် ၆၁ ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်း ၃၀ အသီးသီးရှိရာမှ ဆန္ဒသဘောထားများ သိသိသာသာ ပြောင်းလဲလာပုံကို ဖော်ပြနေသည်။“တစ်နိုင်ငံလုံးက ဒီမိုကရက်တွေအနေနဲ့ အထက်လွှတ်တော်အမတ် ဘားနေးဆန်းဒါးဟာ ဟီလာရီကလင်တန်နဲ့ ၃၁ ရာခိုင်နှုန်း ကွာဟချက်ကို ချဉ်းကပ်လာနေတယ်လို့ ခံစားနေကြပါတယ်” ဟု Quinnipian University စစ်တမ်း လက်ထောက်ညွှန်ကြားရေးမှူး တင်မ်မော်လွိုင်းက ပြောကြားခဲ့သည်။ရီပက်ဘလီကင်ပါတီတွင်မူ ထိပ်မှပြေးနေသော ဒေါ်နယ်ထရန့်သည် အိုင်အိုဝါ သမ္မတလောင်းရွေးပွဲတွင် တက်ခရုဇ်၏နောက် ဒုတိယသာ ရရှိခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာစစ်တမ်း၌ အားကောင်းမောင်းသန်ဖြင့် ဦးဆောင်နေသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့သည့် စစ်တမ်းတွင် ထရန့်သည် ၃၁ ရာခိုင်နှုန်းရရှိကာ ၂၂ ရာခိုင်နှုန်းရရှိသည့် တက်ခရုဇ်နှင့် ၁၉ ရာခိုင်နှုန်းရရှိသည့် ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကိုရူဘီယိုတို့ကို အသာရနေဆဲဖြစ်သည်။အာရုံကြော ခွဲစိတ်ဆရာဝန် ဘင်ကာဆန်သည် ခြောက်ရာခိုင်နှုန်းရရှိပြီး အထက်ဖော်ပြပါ သုံးဦးမှလွဲ၍ သုံးရာခိုင်နှုန်းအထက် ရရှိသည့် တစ်ဦးတည်းသောသူဖြစ်သည်။ ယခုစစ်တမ်းအရ သမ္မတနေရာအတွက် ပြိုင်ပွဲ၌မူ ကလင်တန်က ထရန့်ကို ၄၆ ရာခိုင်နှုန်း -၄၁ ရာခိုင်နှုန်းဖြင့် အသာရနေပြီး ကလင်တန်သည် ခရုဇ်နှင့် ၄၅ ရာခိုင်နှုန်းစီဖြင့် သရေကျလျက်ရှိသည်။Ref : AFP

Most Read

Most Recent