မာလီရှိ ကုလသမဂ္ဂ စခန်းတွင် ဂျီဟတ်များက တိုက်ခိုက်ခဲ့ပြီး လူငါးဦး သေဆုံး

မာလီရှိ ကုလသမဂ္ဂ စခန်းတွင် ဂျီဟတ်များက တိုက်ခိုက်ခဲ့ပြီး လူငါးဦး သေဆုံး
Published 6 February 2016

မာလီတွင် တည်ငြိမ်မှုမရှိသော မြောက်ပိုင်းရှိ တင်ဘတ်ကူမြို့မှ ကုလသမဂ္ဂ စစ်ဘက်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၅ ရက်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဂျီဟတ်ဟု သံသယရှိသူ လေးဦးထက်မနည်းနှင့် မာလီစစ်သားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း မာလီလုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။၂၀၁၂ ခုနှစ်တွင် အစ္စလာမ္မစ်စစ်သွေးကြွများက သိမ်းယူခဲ့မှုအတွင်း ဖျက်ဆီးခံခဲ့ရသော အလယ်ခေတ်က မြေသားဂူဗိမာန်များကို ယူနက်စကို၏ အကူအညီဖြင့် ပြန်လည်ထိန်းသိမ်းနိုင်သည့် အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပနိုင်ခဲ့ပြီး နောက်တစ်ရက်၌ ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တင်ဘတ်ကူမြို့ရှိ ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် MINUSMA ၏ နိုင်ဂျီးရီးယားတပ်ဖွဲ့ကို ပစ်မှတ်ထား၍ ဖေဖော်ဝါရီ ၅ ရက်အစောပိုင်းတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မွန်းလွဲပိုင်း၌ တိုက်ခိုက်မှုများကို ဟန့်တားနိုင်ခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။တိုက်ခိုက်သူများက ယင်းစခန်းအနီး လမ်းဆို့တစ်ခုတွင် ၎င်းတို့၏ကားကို ဖောက်ခွဲခဲ့ပြီး ပေါက်ကွဲမှု ဖြစ်သည့်နေရာကို ရောက်လာသည့် ကုလအဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြန်အလှန် တိုက်ခိုက်မှုအတွင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သူတစ်ဦး အပါအဝင် အကြမ်းဖက်သမား လေးဦးထက်မနည်း သေဆုံးခဲ့ပြီး မာလီစစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ သေဆုံးခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ သေဆုံးခဲ့သည့် မာလီစစ်သားမှာ အကြမ်းဖက်သမားများကို လိုက်လံဖမ်းဆီးရာတွင် ပါဝင်ခဲ့ပြီး ၎င်းလိုက်ပါလာသော သံချပ်ကာယာဉ်ပေါ်သို့ နံရံပြိုကျမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်က ဆိုသည်။မာလီမြောက်ပိုင်းကို ၂၀၁၂ ခုနှစ်တွင် တူအာရက်သူပုန်များနှင့် အယ်ကေးဒါးဆက်နွယ်သော ဂျီဟတ်အဖွဲ့များက ထိန်းချုပ်ခဲ့သည်။ ယင်းအစ္စလာမ္မစ် သူပုန်များသည် တူအာရက်သူပုန်များကို ဖယ်ထုတ်၍ ၎င်းတို့ချည်း ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် ပြင်သစ်ဦးဆောင်သော စစ်ဆင်ရေးကြောင့် အများအပြား နှိမ်နင်းခံခဲ့ရသည်။
Ref : AFP

Most Read

Most Recent