ရုရှား၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားအစိုးရ အားကောင်းလာပြီးနောက် သူပုန်တို့ ပြိုလဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

ရုရှား၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားအစိုးရ အားကောင်းလာပြီးနောက် သူပုန်တို့ ပြိုလဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ
Published 6 February 2016

ရုရှားကျောထောက်နောက်ခံဖြင့် ဆီးရီးယားအစိုးရသည် သူပုန်တို့၏ ခြေကုပ်ဖြစ်သော အလက်ပိုမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေပြီး ဆီးရီးယားသူပုန်တို့သည် ပျက်စီးမည့်အရေးနှင့် ကြုံလာရသည်။ အစိုးရတပ်ဖွဲ့ဝင်များ၏ ရှေ့သို့ချီတက်လာမှုကို ကာကွယ်ရန်  နည်းလမ်းအနည်းငယ်သာရှိပြီး သူပုန်တို့နှင့် ၎င်းတို့ကို ထောက်ခံသူများသည် ရွေးချယ်ရန် အခွင့်အလမ်း အနည်းငယ်သာ ကျန်ခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ကုလသမဂ္ဂက ထောက်ခံသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဆီးရီးယားအစိုးရက အလက်ပိုမြို့ကို ရှေ့တိုးချီတက်ခဲ့ခြင်းဖြစ်သည်။“သူပုန်တို့အတွက်က အကျဘက်ကို ဦးတည်နေပါတယ်။ အကျကလည်း ပိုမြန်လာနေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးသိပ္ပံမှ အမ်မလီဟိုကာရင်က ပြောကြားခဲ့သည်။ အလက်ပိုသည် အိမ်နီးချင်း တူရကီသို့ ဝင်ရောက်ရန် လွယ်ကူသော လမ်းကြောင်းရှိသည့်အတွက် သူပုန်တို့၏ ခြေကုပ်ဖြစ်သည်။ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစပြီး အလက်ပိုမြို့ကို အရှေ့ပိုင်း၌ သူပုန်တို့က ထိန်းချုပ်ခဲ့ပြီး အနောက်ပိုင်းကို အစိုးရက ထိန်းချုပ်ခဲ့သည်။ နောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့ဝင်များသည် သူပုန်တို့ ထိန်းချုပ်ထားသော နယ်မြေများကို ဖဲ့ယူရန် ကြိုးပမ်းခဲ့ပြီး ယခုတစ်ပတ်အတွင်း အစိုးရတပ်များ၏ ချီတက်မှုက သူပုန်တို့ကို ဝန်းရံခံရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။“ဒါက စစ်ပွဲမှာ အလှည့်အပြောင်းပါပဲ။ အတိုက်အခံတွေက အလက်ပိုနဲ့ အီဒလစ် ပြည်နယ်ကို “ဆီးရီးယား လွတ်လပ်နယ်မြေ” အတွက် ခြေကုပ်အဖြစ် တည်ဆောက်လိုခဲ့ပါတယ်။ အခုဒါက ပြီးဆုံးသွားပါပြီ” ဟု အတိုင်ပင်ခံအဖွဲ့ Washington Institute မှ ဖာဘရီဘာခန်ချီက ပြောကြားခဲ့သည်။IS နှင့်အခြားအကြမ်းဖက်သမားများအား ပစ်မှတ်ထား ချေမှုန်းမည်ဟု အကြောင်းပြချက်ဖြင့် စက်တင်ဘာ ၃၀ တွင်ရုရှားက ဆီးရီးယားစစ်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ခဲ့ပြီးနောက် ဆီးရီးယား အစိုးရတပ်ဖွဲ့များသည် အလက်ပိုကို ချီတက်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။အာဆတ်အစိုးရအား ထောက်ပံ့ရန်အတွက် ဂျီဟတ်မဟုတ်သော သဘောထား အလယ်အလတ်ရှိ သူပုန်တို့ကို ရုရှားက ပိုဖိတိုက်ခဲ့ကြောင်း လေ့လာသုံးသပ်သူများနှင့် တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။သူပုန်တပ်ဖွဲ့ဝင်များနှင့် အလက်ပိုမြို့တွင်းရှိ အရပ်သား ၃၅၀၀၀၀ ခန့်သည် ယခုအခါ အစိုးရ၏ စီးနင်းခံရမည့် အလားအလာကို ရင်ဆိုင်နေရသည်။ ဆီးရီးယား အစိုးရသည် မြို့ကိုဝန်းရံပြီး ဗုံးကြဲခြင်း၊ အစာရေစာ ဖြတ်တောက်ခြင်းတို့ကို ဆောင်ရွက်တတ်ပြီး ဟွမ်မြို့ကဲ့သို့ သူပုန်တို့ ခြေကုပ်မြို့ကိုလည်း အလားတူ နည်းဗျူဟာဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။“မြို့ထဲမှာရှိတဲ့ သူပုန်တွေအတွက်က အသတ်ခံရင် အသတ်ခံ၊ ဒါမှမဟုတ်ရင် လက်နက်ချ အညံ့ခံရပါလိမ့်မယ်” ဟု Atlantic Council ၏ အရှေ့အလယ်ပိုင်းရေးရာ ရာဖစ်ဟာရီရီစင်တာမှ ကျွမ်းကျင်သူ ဖေဆယ်အီတာနီက ပြောကြားခဲ့သည်။ထို့ပြင် ဆီးရီးယားအစိုးရ၏ စီးနင်းမှုကြောင့် ဒုက္ခသည်များ အမြောက်အမြား ထွက်ပြေးကြရလိမ့်မည်ဟုလည်း အီတာနီက ခန့်မှန်းပြောကြားသည်။ ၂၀၁၁ ခုနှစ် မတ်လစတင်ခဲ့သော ဆီးရီးယား ပဋိပက္ခတွင် လူ ၂၆၀၀၀၀ ကျော်သေဆုံးခဲ့ပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။ရုရှားက စစ်ရေးအရ တိုက်ခိုက်မှုအရှိန် မြှင့်နေသော်လည်း ဂျီနီဗာငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ အပြည်ပြည်ဆိုင်ရာ မဟာမိတ်များက လက်နက်ထောက်ပံ့ပေးမှု မရှိခဲ့ခြင်းအတွက် အတိုက်အခံတို့က သစ္စာဖောက်ခံရသည်ဟု ခံစားနေရကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။Ref : AFP

Most Read

Most Recent