ကုန်းတွင်းဆိပ် ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၌ ရထားဖြင့် ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကာ ရထားလမ်းများအား ရန်ကုန်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ယင်းကဲ့သို့ ကုန်းတွင်းဆိပ်လုပ်ငန်းများကို ရန်ကုန်နှင့် မန္တလေးတို့တွင် ဦးစားပေး အစီအစဉ်အနေဖြင့် လုပ်ဆောင်ရန် ၂၀၁၄ သြဂုတ် ၁၈ ရက်က ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တင်ဒါခေါ်ယူခဲ့ရာ လာရောက် လျှောက်ထားသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီစုစုပေါင်း ၁၁ ခုတွင် စင်ကာပူနိုင်ငံမှ Kerry Logistics ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားပိုင် Resources Group Logistics ကုမ္ပဏီတို့မှ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
“ရန်ကုန်က ရွာသာကြီးနဲ့ မန္တလေးက မြစ်ငယ်မှာ လုပ်မှာပါ။အုပ်စု A ဖြစ်တဲ့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီက မြေဧကစုစုပေါင်း ၇၂ ဒသမ ၄၂၆ ဧက လုပ်ကိုင်ခွင့်ရှိမယ်။အုပ်စု B ကုမ္ပဏီက မြေဧက စုစုပေါင်း ၈၂ ဒသမ ၆၇၄ ဧက လုပ်ကိုင်ခွင့်ရမှာပါ။ နောက်ပိုင်းမှာ ရွာသာကြီးဘက်မှာ ကုန်းတွင်းဆိပ်နေရာ ထပ်တိုးလုပ်ဆောင်ဖို့အတွက် မြေဧက ၅၀ ကနေ ၁၀၀ ဧကအထိ အရန်အနေနဲ့ ထားရှိပါတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းအပြင် မြစ်ငယ်နှင့် ရွာသာကြီးတို့တွင် ကုန်းတွင်းဆိပ် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ၂ နှစ်အတွင်း အပြီးဆောက်လုပ်မည်ဖြစ်ကာ ကုန်းတွင်းဆိပ် လုပ်ငန်းများအတွက် Kerry Logistics ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၄၂ သန်းနှင့် မြန်မာနိုင်ငံသားပိုင် Resources Group Logistics ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၃၉ သန်းခန့် အသီးသီး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်သည်။















