မော်ရိုကိုက ပထမဆုံး နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ ဖွင့်လှစ်

မော်ရိုကိုက ပထမဆုံး နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ ဖွင့်လှစ်
Published 5 February 2016

မော်ရိုကိုနိုင်ငံ၏ ပထမဆုံးနေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မော်ရိုကိုဘုရင် ဆဋ္ဌမမြောက် မိုဟာမက်က ဖေဖော်ဝါရီ ၄ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။ ယခုစက်ရုံသည် သန့်စင်စွမ်းအင်ကို ပိုမိုအသုံးပြုလိုသော မော်ရိုကိုနိုင်ငံ၏ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 
အွာဇာဇာတီမြို့၏ အပြင်ဘက် ၁၂ မိုင် အကွာ ဆာဟာရကန္တာရ အစွန်တွင် တည်ရှိသည့် စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ မော်ရိုကို ဝန်ကြီးချုပ် အဗ္ဗဒူလာဘန်ကီရာနီ၊ ပြင်သစ် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဆီဂိုလင်းရွိုင်ရယ် အပါအဝင် ပြည်တွင်း ပြည်ပမှ အစိုးရ အရာရှိများ တက်ရောက်ခဲ့ကြသည်။ ယခု နေရောင်ခြည် စွမ်းအင်သုံး စက်ရုံစီမံကိန်းသည် နေရောင်ခြည်များစွာရပြီး ကန္တာရမြေ များစွာရှိသည့် နိုင်ငံအားလုံးအတွက် ၎င်းတို့ အနေနှင့်လည်း လျှပ်စစ်စွမ်းအင် ရရှိရေးအတွက် နေစွမ်အင်သုံး စက်ရုံများကို ဆောက်လုပ်နိုင်သည်ဆိုသော ကြီးမားသည့် မျှော်လင့်ချက်တစ်ခု ပေးနိုင်ခဲ့သည်ဟု ပြင်သစ်ဝန်ကြီးရွိုင်ရယ်က ပြောကြားခဲ့သည်။
“ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပိုမိုအသုံးပြုကာ ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချနေတဲ့ မော်ရိုကိုနိုင်ငံရဲ့ စိတ်ပိုင်းဖြတ်မှုကို အခုစက်ရုံက ပိုမိုထင်ရှားစေပါတယ်” ဟု စက်ရုံတည်ဆောက်သူများက ဆိုခဲ့သည်။ လျှပ်စစ်စွမ်းအင် မီဂါဝပ် ၁၆၀ ထုတ်ပေးနိုင်သည့် Noor1 စက်ရုံသည် မော်ရိုကိုထဲ၌ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသာစွာ လျှော့ချပေးနိုင်မည် ဖြစ်သည်။
မော်ရိုကိုနိုင်ငံသည် Noor2 နှင့် Noor3 စက်ရုံများကိုလည်း ဆောက်လုပ်နေပြီး ယင်းစက်ရုံများကို ယခုနှစ်နှင့် လာမည့်နှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဟု သိရသည်။ Noor4 စက်ရုံ ဆောက်လုပ်ရေး အတွက်လည်း တင်ဒါခေါ်ယူမှု ပြုလုပ်နေသည်။ ထိုစက်ရုံ အားလုံးပြီးစီးသွားပါက လျှပ်စစ်ဓာတ်အား မီဂါဝပ် ၅၀၀ ထုတ်လုပ်ပေးနိုင်ပြီး ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင် ထုတ်ပေးနိုင်သည့် နေရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုနေရောင်ခြည်သုံး စွမ်းအင်သုံးစက်ရုံများ အားလုံးသည် ၂၀၁၈ ခုနှစ်မတိုင်မီ မော်ရိုကိုမှ လူတစ်သန်းကျော်ကို လျှပ်စစ်စွမ်းအင် အပြည့်အ၀ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ထိုနေရောင်ခြည်သုံး စက်ရုံများသည် မော်ရိုကိုနိုင်ငံ၏ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို နှစ်စဉ်တန်ချိန် ၇၆၀၀၀၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်ပြီး ယင်းပမာဏသည် ၂၀၁၁ ခုနှစ်က မော်ရိုကိုနိုင်ငံမှ ထွက်ရှိသော ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၅၆ ဒသမ ၅ သန်း၏ တစ်ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိမှု နည်းပါးသည့် မော်ရိုကိုသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသထဲတွင် စွမ်းအင်အများဆုံး ဝယ်ယူအသုံးပြုနေရသည့် နိုင်ငံလည်းဖြစ်သည်။         
Ref : AFP

Most Read

Most Recent