အလက်ပိုမြို့အနီး ဆီးရီးယား အစိုးရတပ်များ ချဉ်းကပ်လာစဉ် သောင်းနှင့်ချီသောလူများ ထွက်ပြေး

အလက်ပိုမြို့အနီး ဆီးရီးယား အစိုးရတပ်များ ချဉ်းကပ်လာစဉ် သောင်းနှင့်ချီသောလူများ ထွက်ပြေး
Published 5 February 2016

ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ ရုရှားနှင့် တူရကီတို့ ရန်စောင်နေကြချိန်တွင် ဆီးရီးယား စစ်တပ်က ရုရှားတို့ ကျောထောက်နောက်ခံ ပြုပေးသည့် အဓိက ထိုးစစ်ကြီး တစ်ရပ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်တွင် သောင်းချီနှင့်သော ဆီးရီးယား နိုင်ငံသားများသည် တူရကီနိုင်ငံသို့ ဦးတည်ကာ ထွက်ပြေးလျက်ရှိကြောင်း သိရသည်။
တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတိုဂလူက လန်ဒန်တွင် ပြုလုပ်သော ညီလာခံတစ်ရပ်၌ ဆီးရီးယားနိုင်ငံသား ၇၀,၀၀၀ သည် တိုက်ပွဲများမှ လွတ်မြောက်ရန် ၎င်းတို့နိုင်ငံဆီ ဦးတည်လျက် ထွက်ပြေးလာကြောင်း ပြောကြားခဲ့သည်။ လန်ဒန်တွင် ပြုလုပ်သည့် အဆိုပါ ညီလာခံတွင် အလှူရှင်များက ဆီးရီးယား နိုင်ငံသားများကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် လှူဒါန်းရန် ကတိပြုခဲ့ကြသည်။
ယခုသီတင်းပတ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပျက်ပြားစေခဲ့သော အဓိက ထိုးစစ်တစ်ရပ်တွင် ရုရှားစစ်လေယာဉ်များက ကျောထောက်နောက်ခံပြုလျက် ဆီးရီးယား အစိုးရတပ်များက သူပုန်တို့၏ အဓိက ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ခဲ့ကြပြီးနောက် အလက်ပိုမြို့အတွင်း၌ လူပေါင်း ၃၀၀,၀၀၀ ခန့် ပိတ်မိနေသည်ဟု ယူဆရသည်။
ငါးနှစ်ကြာ ဆီးရီးယားစစ်ပွဲကို အဆုံးသတ်ရန် အကြီးမားဆုံး သံတမန်နည်းလမ်းဆိုင်ရာ တွန်းအားဖြစ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နောက်ပိုင်းအထိ ရွှေ့ဆိုင်းခဲ့ရပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဖေဖော်ဝါရီ ၅ ရက် တွင် အထူးသံတမန် စတက်ဖန်ဒီမစ်တူရာနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
“အလက်ပိုမြို့ မြောက်ဘက်တောပိုင်းမှာ အနေအထားက အလွန်ကို ဆိုးရွားနေပါတယ်” ဟု ယင်းအနီးအနားရှိ မာရီးယားရွာမှ တက်ကြွလှုပ်ရှားသူနှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ မာမုန်းအယ်ခါတိက ပြောကြားခဲ့သည်။
“အခု အရပ်သားတွေဟာ သုံးဖက်သုံးတန်ကနေ ပိတ်ဆို့ဝန်းရံ ခံထားရပြီး တူရကီ နယ်မြေထဲကိုသွားဖို့ လမ်းတစ်လမ်းပဲ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ သူက အစိုးရတပ်များသည် တောင်ဘက်မှ လည်းကောင်း၊ IS အဖွဲ့သည် အရှေ့ဘက်မှ လည်းကောင်း၊ ကာ့ဒ်တိုက်ခိုက်ရေး သမားများသည် အနောက်ဘက်မှ လည်းကောင်း ခြိမ်းခြောက်လျက်ရှိသည်ဟုလည်း ရှင်းပြခဲ့သည်။
ထိုးစစ်ဆင်မှု မြင့်မားလာချိန်တွင် ဆက်ဆံရေး တင်းမာမှုများလည်း မြင့်တက်လာပြီး ရုရှားက အတိုက်အခံများကို ထောက်ပံ့နေသည့် တူရကီသည် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု စွပ်စွဲလျက် တူရကီသည် တပ်များနှင့် စစ်လက်နက် ကိရိယာများကို နယ်စပ်၌ ချထားကြောင်း ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent