ဆီးရီးယား၌ အင်ဒိုနီးရှားဖွား IS တို့အကြား အာဏာလွန်ဆွဲမှုက အရှေ့တောင်အာရှတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်လာနိုင်

ဆီးရီးယား၌ အင်ဒိုနီးရှားဖွား IS တို့အကြား အာဏာလွန်ဆွဲမှုက အရှေ့တောင်အာရှတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်လာနိုင်
Published 5 February 2016
Ref: AFP

ဆီးရီးယားတွင် အင်ဒိုနီးရှားဖွား IS သုံးဦးအကြား အာဏာလွန်ဆွဲမှုက အရှေ့တောင်အာရှတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း အင်ဒိုရဲတပ်ဖွဲ့က  သတိပေးခဲ့သည်။    အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ဇန်နဝါရီက သေနတ်ပစ်ခတ် အကြမ်းဖက် တိုက်ခိုက်မှု၊ အသေခံ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာ ဆီးရီးယားတွင် ခေါင်းဆောင်ဖြစ်ရန် ကြိုးပမ်းနေသော အကြမ်းဖက်သမားများအတွက် ဆောင်ရွက်နေသည့် အကြမ်းဖက် အဖွဲ့ခွဲကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့သည်။
ဆီးရီးယားရှိ အင်ဒိုနီးရှားသုံးဦးဖြစ်သော ဘာရမ်ဆာရာ၊ အဘူဂျန်ဒါး၊ ဘာရမ်နာအင်တို့သည် ၂၀၁၅ ခုနှစ်တစ်လျှောက်လုံး အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေခဲ့ကြောင်း သိရသည်။အွန်လိုင်းတွင် အကြမ်းဖက်လှုံ့ဆော်ရေး ဆောင်ရွက်မှုအတွက် ထင်ရှားသည့် နာအင်သည် ဂျကာတာအကြမ်းဖက်မှု၏ အဓိက ကြိုးကိုင်သူဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။
အင်ဒိုနီးရှား အကြမ်းဖက်သမား ခေါင်းဆောင်များသည် အင်ဒိုနီးရှားတို့အား မွေးရပ်သို့ပြန်၍ အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ရန် တိုက်တွန်းနေပြီး ငွေကြေးထောက်ပံ့မှု၊ လမ်းညွှန်မှုတို့ ဆောင်ရွက်နေသည်။ ၎င်းတို့က အင်ဒိုနီးရှားတွင် ကြီးမားသော အကြမ်းဖက်တိုက်ခိုက်မှု ဆောင်ရွက်ပြီး IS တို့၏ အထင်ကြီးမှုအား ရယူလိုနေကြကြောင်း သိရသည်။
“အဲဒီသုံးယောက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆောင်ရွက်ပြီး IS ဗဟိုကွပ်ကဲရေးဆီက ချီးကျူးမှုတွေ ရယူဖို့ ပြိုင်နေကြပါတယ်။ အဲဒီချီးကျူးမှုရရင် အင်ဒိုနီးရှားမှာ IS ခေါင်းaဆာင်ဖြစ်ဖို့ ထောက်ခံမှု ဖြစ်လာပြီး ငွေနဲ့ အာဏာရလာပါလိမ့်မယ်“ ဟု ဂျကာတာရဲမှူး တီတိုကာနာဗီယန်က ပြောကြားခဲ့သည်။တီတိုသည် ၂၀၀၀ ပြည့်လွန်နှစ်များက အင်ဒိုနီးရှား အကြမ်းဖက်ကွန်ရက်များကို ဖြိုခွင်းရန် ဦးဆောင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် ယခုအခါ  နာအင်အား အာရုံစိုက်မှုသည် ပြောင်းသွားခဲ့ပြီး နာအင်၏ ပြိုင်ဘက်များနှင့် ဆက်နွှယ်သည့် အကျဉ်းကျနေသော ဝါဒရေးရာ ခေါင်းဆောင် အာမန်အဗ္ဗဒူရာမန်ကို အာရုံစိုက် စောင့်ကြည့်နေကြသည်။
အဗ္ဗဒူရာမန်သည် မွေးရပ်တွင် အောင်မြင်မှုများကြောင့် ပြိုင်ဘက်တို့ကို အင်ဒိုနီးရှားတွင် အကြမ်းဖက် တိုက်ခိုက်မှုများ အမြန်ဆုံး ဆောင်ရွက်ရန် တွန်းအားဖြစ်စေကြောင်း ပဋိပက္ခလေ့လာရေးဌာန Institute for Policy Analysis of Conflict (IPAC)  အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဂျကာတာတိုက်ခိုက်မှုအပြီးနောက် အင်ဒို IS သုံးဦးအနက် တစ်ဦးက အင်ဒိုနီးရှားရှိ လက်ထောက်ကို ဖုန်းဆက်ပြီး အလားတူ တိုက်ခိုက်မှု ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း IPAC အစီရင်ခံစာက ဆိုသည်။                                 

Most Read

Most Recent