ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေကြောင်း အိန္ဒိယကုမ္ပဏီ ပြောကြား

ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေကြောင်း အိန္ဒိယကုမ္ပဏီ ပြောကြား
Published 4 February 2016

အိန္ဒိယဆေးကုမ္ပဏီ တစ်ခုက ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အလျင်အမြန် ပျံ့နှံ့နေသော ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကမ္ဘာ့အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ပြီးနောက် အိန္ဒိယကုမ္ပဏီက ယခုကဲ့သို့ ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့ အခြေစိုက် ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Bharat Biotech က တစ်နှစ်အတွင်း ကာကွယ်ဆေးနှစ်မျိုး ပြုလုပ်ထားကြောင်းနှင့် လက်တွေ့စမ်းသပ် အသုံးပြုမှု မတိုင်မီ တိရစ္ဆာန်များ၌ စမ်းသပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကလေးငယ်များ၌ ဦးနှောက်ပျက်စီးစေမှု မြင့်တက်စေသည်ဟု ယူဆထားသော ခြင်မှတစ်ဆင့် ကူးစက်သည့် လက်တင်အမေရိကတွင် ပျံ့နှံ့နေသော ဇီကာဗိုင်းရပ်စ်အတွက် လက်ရှိအချိန်အထိ အတည်ပြုပြီး ကာကွယ်ဆေး မရှိသေးပေ။
"ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်ခုအတွက် ကမ္ဘာ့မူပိုင်ခွင့် တစ်ရပ်ကို ပထမဆုံး စာရင်းသွင်းခဲ့တာ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ ပထမဆုံးပါပဲ" ဟု အိန္ဒိယကုမ္ပဏီ၏ ဥပဒေရေးရာနှင့် ဉာဏပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှုဌာန အကြီးအကဲ ရာဂျာရှီဒါးဂုတ်တားက ပြောကြားခဲ့သည်။ သူက ၎င်းတို့၏ ကုမ္ပဏီသည် လွန်ခဲ့သည့် တစ်နှစ်ခန့် ကတည်းက မူပိုင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
WHO က ဇီကာနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ရာ၌ ဇီကာဗိုင်းရပ်စ်သည် Microephaly ဟုခေါ်သည့် ပုံမှန်မဟုတ်ဘဲ အလွန်သေးငယ်သည့် ဦးခေါင်းများရှိသော ကလေးများ မွေးဖွားမှု အကြီးအကျယ် မြင့်တက်လာခြင်းနှင့် အကြီးအကျယ် ပတ်သက်နေသည်ဟု ပြောကြားခဲ့သည်။
ဆေးသုတေသနဆိုင်ရာ အိန္ဒိယကောင်စီ၏ အထွေထွေ ညွှန်ကြားရေးမှူး ဆူမြာဆွာ မိနာသန်က ကာကွယ်ဆေးနှင့် ပတ်သက်သည့် သိပ္ပံဆိုင်ရာ အသေးစိတ် အချက်အလက်များ တင်ပြရန် Bharat Biotech ကုမ္ပဏီကို တောင်းခံထားကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယကုမ္ပဏီမှ အကြီးတန်း သိပ္ပံပညာရှင်တစ်ဦးက ကမ္ဘာ့ရောဂါပျံ့နှံ့မှု၏ နှိုးဆော်ချက်ကြောင့် သုတေသန လုပ်ငန်းစဉ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်တွေ့စမ်းသပ်မှုများ ပြုလုပ်မည့် အချိန်အကန့်အသတ်များနှင့် စီးပွားဖြစ် စတင်ဖြန့်ချိမည့် ဖြစ်နိုင်ဖွယ် အချိန်တို့ကို ပြောကြားခဲ့ခြင်း မရှိပေ။
Ref : AFP

Most Read

Most Recent