ပစိဖိတ်ဖြတ်ကျော် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို နယူးဇီလန်တွင် လက်မှတ်ရေးထိုး

ပစိဖိတ်ဖြတ်ကျော် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို နယူးဇီလန်တွင် လက်မှတ်ရေးထိုး
Published 4 February 2016

အမေရိကန် ဦးဆောင်သော ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (Trans-Pacific Partnership TPP) ကို နယူးဇီလန်တွင် ဖေဖော်ဝါရီ ၄ ရက်က လက်မှတ်ရေးထိုး ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေး၏ ရာခိုင်နှုန်း ၄၀ ခန့်ကို ကိုယ်စားပြုသော အဖွဲ့ဝင် ၁၂ နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ ဖယ်ရှားရေး ရည်ရွယ်သော ယင်းသဘော တူညီချက်ကြောင့် အလုပ်အကိုင် ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် ကန့်ကွက်ဆန္ဒပြမှုများလည်း ရှိခဲ့သည်။
TPP ကို လက်မှတ်ရေးထိုး နိုင်မှုကြောင့် အမေရိကန်သည် အခြားသော ရှေ့ဆောင်စီးပွားရေး နိုင်ငံများအပေါ် အသာစီးရရှိနိုင်မည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
" TPP က ၂၁ ရာစုရဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ အမေရိကန်ကို (တရုတ်လို နိုင်ငံတွေကို မပေးဘဲ) အခွင့်အလမ်း ပေးခဲ့ပါတယ်။ အထူးသဖြင့် အာရှပစိဖိတ်လိုဒေသမှာ ဒါဟာ ပိုအရေးကြီးပါတယ်" ဟု အိုဘားမားက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ TPP ကြောင့် အမေရိကန် ဦးဆောင်မှုကို ပြည်ပတွင် အားကောင်းစေပြီး ပြည်တွင်းတွင်လည်း အလုပ်အကိုင်ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
သို့သော်လည်း ဝေဖန်သူများက TPP ကြောင့် အာရှပစိဖိတ် ဒေသများတွင် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အချုပ်အခြာအာဏာကို ထိပါးမှုများ ရှိစေမည်ဟု ပြောကြားခဲ့သည်။
TPP ကိုလက်မှတ်ရေးထိုး နိုင်ခြင်းသည် စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဉ်များ ပြီးဆုံးသွားခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများသည် ပြည်တွင်းတွင် ယင်းသဘောတူညီချက် အတည်ပြုရန်အတွက် နှစ်နှစ်အချိန်ရမည် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် ပြည်တွင်းတွင် သဘောတူညီချက် အတည်ပြုရေး လုပ်ငန်းစဉ်အား အမြန်ဆုံး ဆောင်ရွက်ရန် တိုက်တွန်းကြောင်း သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး အင်ဒရူးရော့က ပြောကြားခဲ့သည်။ TPP တွင် သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်၊ ဗီယက်နမ်တို့ ပါဝင်သည်။
Ref : AFP

Most Read

Most Recent