ကုလသမဂ္ဂ အထူးခုံရုံးတွင် လျှောက်ထားမှု ရှုံးနိမ့်ခဲ့ပါက အဖမ်းခံမည်ဟု ဝီကီလိခ် တည်ထောင်သူ အဆန်ဂ် ပြောကြား

ကုလသမဂ္ဂ အထူးခုံရုံးတွင် လျှောက်ထားမှု ရှုံးနိမ့်ခဲ့ပါက အဖမ်းခံမည်ဟု ဝီကီလိခ် တည်ထောင်သူ အဆန်ဂ် ပြောကြား
Published 4 February 2016

လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် သုံးနှစ်ကျော် နေထိုင်ခဲ့ပြီးနောက် ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ်က ကုလသမဂ္ဂ အထူးခုံရုံးတွင် လျှောက်ထားမှု ရှုံးနိမ့်ခဲ့ပါက ဗြိတိန်ရဲတပ်ဖွဲ့ထံ သွားရောက် အဖမ်းခံမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
"ကုလသမဂ္ဂက မနက်ဖြန်မှာ ဗြိတိန်နဲ့ ဆွီဒင်မှာ တင်ထားတဲ့အမှုမှာ ကျွန်တော်ရှုံးနိမ့်ကြောင်း ကြေညာလိုက်မယ်ဆိုရင် နေ့ခင်းမှာ ကျွန်တော်သံရုံးက ထွက်ခွာပြီး ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံယူပါမယ်" ဟု အဆန်ဂ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ၎င်းအနိုင်ရပြီး နိုင်ငံများက တရားမဝင် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့ပါက ၎င်းင်း၏ နိုင်ငံကူးလက်မှတ်ကို ချက်ချင်းပြန်ထုတ်ပေးပြီး ၎င်းအားဖမ်းဆီးရန် ကြိုးပမ်းမှုများ ရပ်တန့်မည်ဟု မျှော်လင့်ကြောင်း အဆန်ဂ်က ပြောကြားခဲ့သည်။
မုဒိမ်းမှု စွပ်စွဲချက်များဖြင့် ဆွီဒင်သို့ လွှဲပြောင်းပေးမှုအား ရှောင်ရှားရန်အတွက် အဆန်ဂ်သည် ၂၀၁၂ ခုနှစ်မှစပြီး အနောက်လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံနေထိုင်ခဲ့သည်။ အီကွေဒေါက အဆန်အား ခိုလှုံခွင့် ပေးထားသော်လည်း ဗြိတိန်မြေပေါ်တွင် ခြေလှမ်း လှမ်းသည်နှင့် အဆန်ဂ်သည် ဖမ်းဆီးခံရနိုင်သည်။ ရဲများက အီကွေဒေါသံရုံး အပြင်တွင် ၂၄ နာရီမပြတ် စောင့်ကြည့်နေမှုကြောင့် ပေါင်သန်းပေါင်းများစွာ ကုန်ကျနေသည်။ သြစတြေးလျနိုင်ငံသား အဆန်သည် လျှို့ဝှက်အထောက်အထား အမြောက်အမြားကို ပေါက်ကြားစေခဲ့မှု အတွက် အမေရိကန်သို့ လွှဲပြောင်းပေးခံရမည်ကိုလည်း စိုးရိမ်နေသည်။
၂၀၀၆ ခုနှစ်က အဆန်ဂ်တည်ထောင်ခဲ့သော ဝီကီလိခ်သည် အမေရိကန် စစ်ဘက်နှင့် သံတမန်ရေးရာတို့နှင့် ပတ်သက်သော အထောက်အထားများကို ထုတ်ပြန်ခဲ့သည်။ အာဖဂန်နှင့် အီရတ်စစ်ပွဲတို့နှင့် သက်ဆိုင်သော လျှို့ဝှက်စစ်ဘက်ဆိုင်ရာ အထောက်အထား ၅၀၀၀၀၀ နှင့် သံတမန် ဆက်သွယ်မှု ၂၅၀၀၀၀ အပါအဝင် အခြားအထောက်အထားများကို ဝီကီလိခ်က ပေါက်ကြားစေခဲ့သည်။ ယင်းပေါက်ကြားမှုများ၏ အဓိက ရင်းမြစ်ဖြစ်သော အမေရိကန်စစ်သား ချယ်လ်ဆီးမန်းနင်းသည် သူလျှိုဥပဒေဖြင့် ထောင် ၃၅ နှစ် ကျခံခဲ့ရသည်။ ထို့ပြင် အဆန်ဂ်၏ အမှုကို ဆွီဒင်က ကိုင်တွယ်ဖြေရှင်းမှုသည် နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများကို အမည်းစက် စွန်းထင်းစေခဲ့ကြောင်း ဝီကီလိခ်က ပြောကြားခဲ့သည်။
အဆန်ဂ်သည် သူ၏အမှုအတွက် ကုလသမဂ္ဂ ထိန်းသိမ်းမှုဆိုင်ရာ အထူးခုံရုံးအား ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် တိုင်ကြားခဲ့ပြီး ယင်းအဖွဲ့က အဆန်ဂ်၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားခြင်းသည် တရားဝင်၊ မဝင်ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆုံးဖြတ်မည် ဖြစ်သည်။ "သူ့ရရှိထားတဲ့ တစ်ခုတည်းသော ကာကွယ်မှုက သံရုံးထဲမှာ ပိတ်လှောင်ခံထားရမှုနဲ့ နေထိုင်ရခြင်းပဲ ဖြစ်ပါတယ်။ သူရဲ့ခိုလှုံခွင့်ကို ခံစားဖို့ တစ်ခုတည်းသော နည်းလမ်းက ထိန်းချုပ်ခံရဖို့ပါပဲ။ ဒါဟာ တရားဥပဒေအရ လက်ခံနိုင်ဖို့ ရွေးချယ်မှု မဟုတ်ပါဘူး" ဟု ကုလသမဂ္ဂ တိုင်ကြားမှု၌ ပါဝင်ကြောင်း justice4 assange.com တွင် ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ခုံသမာဓိရုံးက ချမှတ်သော ဆုံးဖြတ်ချက်သည် တရားဥပဒေအရ အာဏာရှိမည် မဟုတ်သော်လည်း ယင်းအဖွဲ့၏ ဆုံးဖြတ်ချက်များက ကမ္ဘာတစ်ဝန်းရှိ ထင်ရှားသူ အများအပြား ထိန်းချုပ်ခံထားရမှုမှ လွတ်မြောက်ရေးတွင် သက်ရောက်မှု ရှိခဲ့သည်။
Ref : AFP

Most Read

Most Recent