ဗဟိုဘဏ်၏ သတ်မှတ် ဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် ကျဆင်းလာခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် ၁၀ ကျပ်ဝန်းကျင် ထပ်မံကျဆင်းလာ

ဗဟိုဘဏ်၏ သတ်မှတ် ဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် ကျဆင်းလာခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် ၁၀ ကျပ်ဝန်းကျင် ထပ်မံကျဆင်းလာ
Published 4 February 2016
အောင်မြတ်ကို

ဗဟိုဘဏ်၏ သတ်မှတ် ဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် ကျဆင်းလာခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် ၁၀ ကျပ်ဝန်းကျင် ထပ်မံကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၆၅ ကျပ်သို့ ဖေဖော်ဝါရီ ၃ ရက် ဈေးကွက်ပေါက်ဈေး ၁၂၇၅ အောက် ၁၀ ကျပ် ဝန်းကျင် ထပ်မံကျဆင်းခဲ့သည့်အတွက် ဖေဖော်ဝါရီ ပထမပတ် လေးရက်ဆက်  တစ်ဒေါ်လာလဲနှုန်း ၂၆ ကျပ်ဝန်းကျင် ကျဆင်းခဲ့ပြီး ဒေါ်လာလဲနှုန်း အကျဘက်တွင် ဆက်လက် ဦးတည်နေသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်းမှာ ၁၂၉၃ ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၂ ကျပ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၈၉ ကျပ်သို့ သုံးရက်အတွင်း လေးကျပ် လျှော့ချ သတ်မှတ်ခဲ့သည့်အပြင် ဖေဖော်ဝါရီ ၄ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၈၀ သို့ တစ်ရက်အတွင်း ကိုးကျပ် ထပ်မံ လျှော့ချ သတ်မှတ်ခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၈၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၆၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၆၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ ၄ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၂၈၀ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ ကိုရောင်းချခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၂၇၅ ဝန်းကျင်၊ ဝယ်ဈေး ၁၂၆၉ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ဗဟိုဘဏ်၏ သတ်မှတ် ဒေါ်လာလဲနှုန်းသည် ၁၂၉၈ ကျပ်မှ ၁၂၉၄ ကျပ်သို့ လျှော့ချသတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ပတ်အတွင်း ၁၂၉၆ ကျပ်မှ ၁၂၉၃ ကျပ်သို့ သုံးကျပ်ဝန်းကျင် ကျဆင်းခဲ့သည်။

Most Read

Most Recent