မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးများဖြင့် နိုင်ငံတကာဧည့်သည်များ အကြိမ်ကြိမ် ဝင်ရောက်လာတော့မည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ထို့ပြင် Destination Asia (Myanmar Limited) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာလှည့်ခရီးသည် ၁၃၉၉ ဦးနှင့် သင်္ဘောအမှုထမ်း ၆၂၀ ပါဝင်သည့် MS Rotter dam အပျော်စီးသင်္ဘောသည် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်ထိ လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည် ၇၉၉ ဦးနှင့် သင်္ဘောအမှုထမ်း ၁၈၄ ဦး ပါဝင်သည့် World Odyssey အပျော်စီးသင်္ဘောသည် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၃ ရက်ထိ လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည် ၄၄၉ ဦးနှင့် သင်္ဘောအမှုထမ်း ၃၃၀ ပါဝင်သည့် MS Seabourn Sojourn အပျော်စီးသင်္ဘောသည် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်ထိ လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည် ၁၁၉၉ ဦးနှင့် သင်္ဘောအမှုထမ်း ၆၃၂ ဦး ပါဝင်သည့် MV Volendam အပျော်စီး သင်္ဘောသည် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်ထိ လည်းကောင်း၊ Asian Trails Tour Co.,Ltd ကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာလှည့်ခရီးသည် ၃၆၀ နှင့် သင်္ဘောအမှုထမ်း ၁၈၁ ဦး ပါဝင်သည့် MV Aegean Odyssey အပျော်စီးသင်္ဘောသည် ဖေဖော်ဝါ ရီ ၁၆ ရက်မှ ၁၈ ရက်ထိ လည်းကောင်း မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံသို့ လာရောက်ဆိုက်ကပ်မည့် အပျော်စီးသင်္ဘောများမှာ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အပျော်စီးကမ္ဘာလှည့် သင်္ဘောများ ဖြစ်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ ဖူးခက်သို့ သွားရောက်မည့် သင်္ဘောများဖြစ်ကြောင်းလည်း သိရသည်။အဆိုပါ သင်္ဘောငါးစင်းနှင့်အတူ ကမ္ဘာအရပ်ရပ်မှ ကမ္ဘာလှည့်ခရီးသည် ၄၂၀၆ နှင့် သင်္ဘောအမှုထမ်း ၁၉၄၇ဦးတို့ ပါဝင်မည်ဖြစ် ပြီး အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံသားတို့ အများဆုံး ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။ယင်း ကမ္ဘာလှည့်ခရီးသည်များသည် ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေးဒေသစသည့်နေရာများသို့ သွားရောက် လည်ပတ်လေ့လာမည်ဖြစ်ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၁၈ စင်းနှင့် ကမ္ဘာလှည့် ခရီးသည် ၁၈၆၁၁ ဦး၊ ၂၀၁၅ခုနှစ်တွင် ကမ္ဘာလှည့် အပျော်စီးသင်္ဘော ၂၅ စင်းနှင့် ကမ္ဘာလှည့်ခရီးသည် ၂၆၀၀၀ ခန့် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။လက်ရှိ ၂၀၁၆ ခုနှစ် နှစ်လအတွင်း ကမ္ဘာလှည့်အပျော်စီးသင်္ဘော ခုနစ်စင်း ဝင်ရောက်မည်ဖြစ်သောကြောင့် အပျော်စီးသင်္ဘောများဖြင့် လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွားများမှာ ယခုနှစ်တွင်လည်း ဝင်ရောက်မှုမှာ ပိုမိုတိုးတက်လာနိုင်သည့် အလားအလာကောင်းများ ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။
ဖေဖော်ဝါရီအတွင်း အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံသားတို့ အများဆုံးပါဝင်သည့် ကမ္ဘာလှည့် အပျော်စီးသင်္ဘော ငါးစင်း ထပ်မံဝင်ရောက်မည်















