ဆိုင်ကယ်စီးနင်း၍ လုယက်မှုကျူးလွန်သူ နှစ်ဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဖမ်းမိ

ဆိုင်ကယ်စီးနင်း၍ လုယက်မှုကျူးလွန်သူ နှစ်ဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဖမ်းမိ
Published 3 February 2016
သန့်ဇင်ကျော်

ဆိုင်ကယ်စီးနင်း၍ လုယက်မှုကျူးလွန်သူ နှစ်ဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဖမ်းမိကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် (၉၄)ရပ်ကွက်နေသူ အမျိုးသားတစ်ဦးသည် ကိစ္စတစ်ခုအတွက် (၉၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ထောက်ခံစာယူရန် သွားရောက်စဉ် ဆိုင်ကယ်တစ်စီးဖြင့် လူငယ်နှစ်ဦးက အဆိုပါအမျိုးသားအား  ခြေထောက်ဖြင့်ကန်၍ ရိုက်ပုတ်ခြိမ်းခြောက်ကာ ၎င်းအမျိုးသား၏ ဘေးလွယ်အိတ်အား လုယူထွက်ပြေးသွားသဖြင့် ရဲစခန်းသို့ သွားရောက်အကြောင်းကြား တိုင်တန်းခဲ့သည့် အမှုဖြစ်သည်။ယင်းသို့ အကြောင်းကြားခဲ့ခြင်းကြောင့်  သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်း ဆီးရာ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန်လျင်မြို့နယ်တွင် နေထိုင်သူ ဘီလျှံဒီဇင် (ခ) အီးတီ (၂၁ နှစ်)နှင့် သီဟဇော်(ခ) အသေးလေး (၁၉ နှစ်) တို့အား ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃) ရပ်ကွက်ရှိ ကုလားဝဲတံတားအောက် တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ လုယက်ရာပါ ပစ္စည်းတို့အား ဖမ်းဆီးရမိခဲ့ပြီး ထပ်မံစစ်ဆေးရာ အခြားလုယက်မှုနှစ်မှုပါ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကွမ်အပ်မင်းသားလမ်းနှင့် သမာဓိလမ်းထောင့်တွင် စက်ဘီးနောက် ထိုင်လိုက်လာသော အမျိုးသမီးတစ်ဦးထံမှ လက်ဆွဲအိတ်တစ်လုံးအား လုယူခဲ့ရာ ငွေကျပ်သုံးသောင်းခွဲနှင့် အခြားပစ္စည်းအသေးစားများ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ကုလားဝဲတံတားအနီး စက်မှုဇုန်လမ်းကြားတွင် လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦးထံမှ Huawei ဟန်းဆက်တစ်လုံးအား လည်းကောင်း၊ ယင်းနေ့ ညပိုင်းမှာပင် ပဲခူးမြစ်လမ်းတွင် စက်ဘီးနောက်မှ ထိုင်လိုက်လာသော အမျိုးသမီးတစ်ဦးထံမှ Honar ဟန်းဆက်တစ်လုံးအား လုယူခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ ဆိုင်ကယ်စီးနင်း၍ လုယက်မှုများ ကျူးလွန်ခဲ့သူနှစ်ဦးအား ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းက (ပ) ၁၀၇/၂၀၁၆ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး အရှေ့ပိုင်းခရိုင်နယ်မြေအတွင်းနှင့် အခြားခရိုင်များအတွင်း လုယက်မှု ရှိ မရှိ မှုခင်းမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent