ဂရိသို့ ရေလမ်းခရီးမှ ရောက်လာသော ရွှေ့ပြောင်း အခြေချသူများတွင် သုံးပုံတစ်ပုံမှာ ကလေးများ ဖြစ်သည်ဟု ယူနီဆက် ထုတ်ပြန်

ဂရိသို့ ရေလမ်းခရီးမှ ရောက်လာသော ရွှေ့ပြောင်း အခြေချသူများတွင် သုံးပုံတစ်ပုံမှာ ကလေးများ ဖြစ်သည်ဟု ယူနီဆက် ထုတ်ပြန်
Published 3 February 2016

တူရကီမှ တစ်ဆင့် အန္တရာယ်များသော ရေလမ်းခရီးကို ဖြတ်ကျော်ပြီး ဂရိသို့ ရောက်လာသော နိုင်ငံရွှေ့ပြောင်း ခိုလှုံသူများအနက် သုံးပုံတစ်ပုံသည် ကလေးသူငယ်များ ဖြစ်ကြသည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဥရောပတွင် ရွှေ့ပြောင်းအခြေချသူ ပဋိပက္ခ စတင်ပြီး ပထမဆုံး အကြိမ်အဖြစ် ဂရိနယ်စပ်မှ မက်ဆီဒိုးနီးယားဘက်သို့ ရောက်လာကြသူများထဲတွင် အမျိုးသမီးနှင့် ကလေးများသည် အရွယ်ရောက်ပြီး အမျိုးသားဦးရေထက် ပိုမိုများပြားလာသည်ဟု ကုလသမဂ္ဂ ကလေးများ အေဂျင်စီ (UNICEF) က ထုတ်ပြန်ခဲ့သည်။ပြီးခဲ့သည့်နှစ်အတွင်း စစ်ပွဲ၊ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုတို့မှ ထွက်ပြေးပြီး ဥရောပသို့ ရောက်ရှိလာသူ ဦးရေသည် တစ်သန်းကျော် ရှိခဲ့သည်။“ဂရိနဲ့ တူရကီကြားက အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်ကျော်လာကြ သူတွေထဲမှာ ကလေးဦးရေ ၃၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ လက်ရှိ အခြေအနေအရ မက်ဆီဒိုးနီးယားကနေ ဝင်လာတဲ့ ရွှေ့ပြောင်းအခြေချသူ၊ ဒုက္ခသည်တွေထဲမှာ အမျိုးသမီးနဲ့ ကလေးဦးရေ ရာခိုင်နှုန်း ၆၀ နီးပါး ရှိပါတယ်” ဟု ယူနီဆက်၏ ပြောခွင့်ရပုဂ္ဂိုလ် ဆာရာခရိုဝီက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇွန်အထိ ဝင်ရောက်လာသူ ရွှေ့ပြောင်းအခြေချသူများအနက် ၇၃ ရာခိုင်နှုန်းမှာ အရွယ်ရောက်ပြီး အမျိုးသားများဖြစ်ပြီး ၁၀ ဦးလျှင် တစ်ဦးသည် ၁၈ နှစ်အောက် ကလေးများ ဖြစ်ကြသည်။ဥရောပသို့လာသည့် ခရီးကြမ်းတွင် အမျိုးသမီးနှင့် ကလေးများသည် အန္တရာယ် ကြုံရနိုင်ခြေ အလွန်အမင်း မြင့်မားသည့် အခြေအနေတွင် ရှိကြသည်။ ပြီးခဲ့သည့် လအတွင်း တူရကီမှ ဂရိသို့ လာသည့် ရေလမ်းခရီးတွင် ရေနစ်သေဆုံးသူ ငါးဦးလျှင် တစ်ဦးသည် ကလေးဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချသူများ အဖွဲ့က ထုတ်ပြန်ခဲ့ သည်။ ဇန်နဝါရီလ အပါအဝင် ပြီးခဲ့သည့် ငါးလအတွင်း အဆိုပါ ရေလမ်းခရီးမှာပင် သေဆုံးခဲ့သည့် ကလေးဦးရေသည် ၃၃၀ ရှိပြီး ယင်းတို့အနက် အများအပြားသည် ကမ်းခြေမှ မီတာအနည်းငယ်ကွာသော နေရာမှာပင် ရေနစ်သေဆုံးကြခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၂ ရက်ကပင် တူရကီနိုင်ငံ Izmir ပြည်နယ်ရှိ ကမ်းခြေတွင် တူရကီ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ တွေ့ခဲ့သော လူကြီးအလောင်း ခုနစ်လောင်းနှင့်အတူ ကလေးအလောင်း နှစ်လောင်းကို ဆယ်ယူနိုင်ခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ် မတိုင်မီ ရက်အနည်းငယ်ကလည်း တူရကီ ကမ်းရိုးတန်း၏ အခြားနေရာ တစ်ခုတွင် ရွှေ့ပြောင်းအခြေချသူများကို တင်ဆောင်လာသည့်သင်္ဘော နစ်မြုပ်ခဲ့ရာ လူ ၃၇ ဦးထက်မနည်း ရေနစ်သေဆုံးခဲ့ရသည်။Ref: AFP

Most Read

Most Recent