သောင်တင်နေသော နှစ်သစ်ကူးခရီးသွားများ ၁၀၀,၀၀၀ နီးပါးအတွက် ကျည်ဆန်ရထားများ စီစဉ်ပေးရန် တရုတ်အာဏာပိုင်များ ကမ်းလှမ်းခဲ့

သောင်တင်နေသော နှစ်သစ်ကူးခရီးသွားများ ၁၀၀,၀၀၀ နီးပါးအတွက် ကျည်ဆန်ရထားများ စီစဉ်ပေးရန် တရုတ်အာဏာပိုင်များ ကမ်းလှမ်းခဲ့
Published 3 February 2016
Ref: AFP

တရုတ်နှစ်သစ်ကူးပွဲတော်အတွက် နေရပ်ပြန်ကြသော ခရီးသွား ၁၀၀,၀၀၀ နီးပါးသည် ဖေဖော်ဝါရီ ၁ ရက်က ကွမ်ကျိုးမြို့တွင် သောင်တင်နေခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက ခရီးသွား ၁၀,၀၀၀ အတွက် အခမဲ့ ကျည်ဆန်ရထားခရီးစဉ်များ စီစဉ်ပေးမည်ဟု ဖေဖော်ဝါရီ ၃ ရက်တွင် ကမ်းလှမ်းခဲ့သည်။ ကမ္ဘာတွင် အကြီးဆုံးသော နှစ်စဉ်လူသားများ ရွှေ့ပြောင်းမှုအဖြစ် သတ်မှတ်သည့် နှစ်သစ်ကူးအိမ်အပြန် ခရီးသွားများသည် ဆီးနှင်းကျဆင်းမှုနှင့် ရာသီဥတု အလွန်ဆိုးရွားမှုကြောင့် ခရီးစဉ်များနှောင့်နှေးပြီး ကွမ်တုံပြည်နယ်မြို့တော် ကွမ်ကျိုးတွင် သောင်တင်ခဲ့ကြခြင်း ဖြစ်သည်။တရုတ်၏ ကုန်ထုတ်လုပ်ငန်း ဗဟိုချက်ဖြစ်သည့် ကွမ်ကျိုးမြို့မှ ရွှေ့ပြောင်းအလုပ်သမား အများအပြားသည် နှစ်သစ်ကူးအတွက် အိမ်ပြန်ကြချိန်တွင် ခရီးစဉ်များ ကျပ်တည်းပိတ်ဆို့လေ့ ရှိသည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ကျရောက်မည့် ယခုနှစ် နှစ်သစ်ကူးပွဲတော်အတွက် ရွှေ့ပြောင်းအလုပ်သမားများ အိမ်ပြန်ကြချိန်တွင် တရုတ်၏ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံအတွက် စိန်ခေါ်မှုကြီး ဖြစ်လာခဲ့သည်။တရုတ်နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ရာသီဥတုအေးခဲမှုကြောင့် ယခုနှစ်တွင် အခြေအနေ ပိုမိုဆိုးရွားသွားခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်က ကွမ်ကျိုးရှိ ဘူတာရုံကြီးတစ်ခုတွင် ခရီးသွားများ ၁၀၀,၀၀၀ ထိ စုပြုံ သောင်တင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ ဖေဖော်ဝါရီ ၃ ရက်နေ့၌ ကွမ်ကျိုးဘူတာရုံတွင် လူ ၃၃၀၀၀ သောင်တင်နေဆဲဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ခဲ့သည်။ ခရီးသွားများ သောင်တင်နေမှုကို လျှော့ချရန်အတွက် မြောက်ပိုင်းရှိနေရာများသို့ ကျည်ဆန်ရထားလေးစင်းကို အပိုခရီးစဉ်ပြေးဆွဲပေးရန် ရထားအာဏာပိုင်များက တောင်းဆိုခဲ့ကြောင်း ကွမ်ကျိုးရထားကော်ပိုရေးရှင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကျည်ဆန်ရထားလက်မှတ်များသည် သာမန်ရထားများထက် ဈေးအလွန်ကြီးပြီး သောင်တင်နေသော ခရီးသွားများသည် ဈေးပိုမပေးရဘဲ သွားလာခွင့် ရရှိမည်ဖြစ်ကြောင်း ကွမ်ကျိုးရထားလုပ်ငန်းက ပြောကြားခဲ့သည်။         

Most Read

Most Recent