IS ကို ဗုံးကြဲရန်နှင့် ရုရှားကို တန်ပြန်ရန်အတွက် ရန်ပုံငွေ တိုးမြှင့်ထားသည့် အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ကို ပင်တဂွန် ထုတ်ပြန်

IS ကို ဗုံးကြဲရန်နှင့် ရုရှားကို တန်ပြန်ရန်အတွက် ရန်ပုံငွေ တိုးမြှင့်ထားသည့် အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ကို ပင်တဂွန် ထုတ်ပြန်
Published 3 February 2016

အမေရိကန် တပ်များသည် IS အဖွဲ့၏ ပစ်မှတ်များအား စမတ်ဗုံး အများအပြား ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းခေတ်မီလက်နက်များ တစ်စတစ်စ နည်းပါးလာချိန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ပမာဏ တိုးမြှင့်ထားသော ကာကွယ်ရေး အသုံးစရိတ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို ၁၈ လ ကြာမြင့်လာပြီဖြစ်သော လေကြောင်းမှ တိုက်ခိုက်မှုများတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်များနှင့် စစ်လေယာဉ်များက ရှေ့တန်းမှ တိုက်ခိုက်ခဲ့ကြပြီး ယင်းစစ်ဆင်ရေးအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀၀ ခန့် ပျံသန်းခဲ့ကြောင်း သိရသည်။ISIL အဖွဲ့ကို မိမိတို့က မကြာသေးမီက ဂျီပီအက်စ် စနစ်ပါ စမတ်ဗုံးများနှင့် လေဆာလမ်းညွှန် စနစ်ပါ ရော့ကတ် အများအပြားဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကာတာက IS အဖွဲ့၏ နာမည်အတိုကောက်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။ ယင်းလက်နက် အရေအတွက် ၄၅၀၀၀ ကျော် ဝယ်ယူရန်အတွက် ၂၀၁၇ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်တွင် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လာမည့် အောက်တိုဘာတွင် စတင်မည့် ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်တွင် ကာတာက IS အဖွဲ့ကို လေကြောင်းစစ်ဆင်ရေး ဆင်နွှဲရာ၌ အသုံးပြုရန်အတွက် ယခင်နှစ် အသုံးစရိတ်ထက် ရာခိုင်နှုန်း ၅၀ တိုးမြှင့်၍ ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ အသုံးပြုရန် လျာထားခဲ့သည်။ယင်းကဲ့သို့ တိုးမြှင့်ခြင်းသည် အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကိုသာ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်မည် မဟုတ်ဘဲ ယင်းနှစ်နိုင်ငံကို ကျော်လွန်၍ လစ်ဗျားကဲ့သို့ တည်ငြိမ်မှု မရှိသော အခြားဒေသများအထိ ဖြန့်ကြက်ရောက်ရှိနေသည့် ဂျီဟတ်များကိုပါ တိုက်ခိုက်မှု တိုးမြှင့်မည်ဖြစ်ကြောင်း ပြသနေသည်။ ၂၀၁၇ ခုနှစ် ကာကွယ်ရေး အသုံးစရိတ် စုစုပေါင်းသည် ဒေါ်လာ ၅၈၃ ဘီလျံနီးပါးအထိ ရှိရာ ကမ္ဘာပေါ်ရှိ ကာကွယ်ရေး အသုံးစရိတ် ထိပ်တန်းရှစ်နိုင်ငံ စုစုပေါင်းထက်ပင် များပြားနေကြောင်း သိရသည်။ယင်းအဆိုပြု အသုံးစရိတ်ကို လာမည့်သီတင်းပတ်တွင် အပြည့်အစုံ ထုတ်ပြန်မည်ဖြစ်ပြီး ကွန်ဂရက်၏ အချေအတင် ဆွေးနွေးမှုနှင့် အတည်ပြုမှုကို စောင့်ဆိုင်းရမည်ဖြစ်သည်။ ယင်းအသုံးစရိတ်တွင် ဥရောပ၌ အမေရိကန်၏ လုပ်ငန်းစဉ်များအတွက် လျာထားသော ဒေါ်လာ ၃ ဒသမ ၄ ဘီလျံလည်း ပါဝင်သည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယား ကျွန်းဆွယ်ကို ကျူးကျော်သိမ်းယူခဲ့ပြီးနောက်ပိုင်း နယ်မြေများ ထပ်မံသိမ်းယူမည့် ရုရှား၏ ရည်မှန်းချက်ကို ဟန့်တားရန်အတွက် ရည်ရွယ်သော European Reassurance Initiative ဟုခေါ်သည့် အစီအစဉ်၌ ယင်းငွေများ သုံးစွဲမည်ဖြစ်သည်။ ယခု ကာကွယ်ရေး အသုံးစရိတ်တွင် အမေရိကန် စစ်ဘက်၏ သုတေသနနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ဒေါ်လာ ၇၁ ဒသမ ၄ ဘီလျံ သုံးစွဲရန်လည်း လျာထားခဲ့သည်။Ref: AFP

Most Read

Most Recent