မြောက်ကိုရီးယားက ယခုလအတွင်း ဂြိုဟ်တု လွှတ်တင်မည်ဟု ကြေညာ

မြောက်ကိုရီးယားက ယခုလအတွင်း ဂြိုဟ်တု လွှတ်တင်မည်ဟု ကြေညာ
Published 3 February 2016
Ref: AFP

လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း စတုတ္ထမြောက်  နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားသည် ဂြိုဟ်တုတစ်လုံး လွှတ်တင်တော့မည်ဟု ဖေဖော်ဝါရီ ၂ ရက်က ကြေညာခဲ့သည်။ယင်းကြေညာချက်ကြောင့် ဖေဖော်ဝါ ရီ ၃ ရက်တွင် အမေရိကန်က မြောက်ကိုရီးယားသည် ယင်းအစီအစဉ်အတိုင်း လုပ်ဆောင်ပါက တန်ဖိုးကြီးကြီးမားမား ပေးရမည်ဟု သတိပေးခဲ့ပြီး တောင်ကိုရီးယားကလည်း အမေရိကန်နည်းတူ သတိပေးခဲ့သည်။ ဂျပန်ကမူ ထိုဂြိုဟ်တု လွှတ်တင်မည့် ဒုံးကျည်သည် ၎င်း၏ နယ်နိမိတ်အတွင်းသို့ ကျရောက်လာမည့် အလားအလာရှိကြောင်း အတည်ပြုနိုင်ပါက အဆိုပါ ဒုံးကျည်အား ဖျက်ဆီးပစ်မည်ဟု  ထုတ်ပြန်ခဲ့သည်။ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တုလွှတ်တင်ခြင်းဟု အပြင်ပန်းအားဖြင့် အယောင်ပြထားသော အဆိုပါလွှတ်တင်မှုကို ဖေဖော်ဝါရီ ၈ ရက်မှ ၂၅ ရက်အတွင်း ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ကြေညာခဲ့သည်။မြောက်ကိုရီးယားကို မည်သည့် ပဲ့ထိန်းဒုံးကျည် နည်းပညာစမ်းသပ်မှုကိုမျှ မပြုလုပ်ရန် ကုလသမဂ္ဂက တားမြစ်ထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် ပြီးခဲ့သည့်လက စတုတ္ထမြောက်  နျူကလီးယားစမ်းသပ်ခဲ့သော မြောက်ကိုရီးယားကို အရေးယူရန် လုပ်ဆောင်နေဆဲအချိန်မှာပင် မြောက်ကိုရီးယားက ယခုကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) အပါအဝင် ကုလသမဂ္ဂအေဂျင်စီ သုံးခုသို့ တရားဝင် အကြောင်းကြားမှုထဲတွင် မြောက်ကိုရီးယားက လွှတ်တင်မှုကို ဒေသစံတော်ချိန် နံနက် ၇ နာရီမှ မွန်းတည့်ချိန်အတွင်း ပြုလုပ်မည်ဟု ဖော်ပြခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီ၏ မွေးနေ့သည် ဖေဖော်ဝါရီ ၁၆ ရက်ဖြစ်သည့်အတွက် ဂြိုဟ်တုလွှတ်တင်မှုသည် ထိုနေ့ဝန်းကျင်တွင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။မြောက်ကိုရီးယားသည် ၂၀၁၃ ခုနှစ် အစောပိုင်းကတည်းက ၎င်း၏ ဆိုဟယ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ သို့သော် ကျွမ်းကျင်သူအများစုက မြောက်ကိုရီးယားသည် အဆင့်မီသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုကို ရရှိရန် နှစ်နှင့်ချီ အချိန်ယူရဦးမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။မြောက်ကိုရီးယားက IMO သို့ ပေးပို့ခဲ့သည့် လွှတ်တင်ရေးအစီအစဉ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက Unha-3 ဂြိုဟ်တုလွှတ်တင်စဉ်က အစီအစဉ်နှင့် တူညီကြောင်း သိရသည်။ထိုလွှတ်တင်ရေး အစီအစဉ်အရ ဂြိုဟ်တုအဟုန်မြှင့် ဒုံးစက်များ အပါအဝင် ပြန်လည်ဖြုတ်ချမည့် အပိုင်းများသည် ကိုရီးယားကျွန်းဆွယ်၏ အနောက်ဘက်ကမ်းလွန် ပင်လယ်ဝါနှင့် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာတို့ထဲသို့ ကျရောက်နိုင်သည်ဟု ခန့်မှန်းကြောင်း မြောက်ကိုရီးယား က ဆိုခဲ့သည်။ဂျပန်ကမူ ၎င်းနယ်နိမိတ်ထဲသို့ ကျူးကျော်လာသည့် မည်သည့် ဒုံးကျည်ကိုမဆို စစ်တပ်က ပစ်ချမည်ဟု ထုတ်ပြန်ထားသည်။ 

Most Read

Most Recent