ရေနံဈေးနှုန်း အာရှတွင် ဒေါ်လာ ၃၀ အောက်သို့ ကျဆင်း

ရေနံဈေးနှုန်း အာရှတွင် ဒေါ်လာ ၃၀ အောက်သို့ ကျဆင်း
Published 3 February 2016
Ref: AFP

အမေရိကန်တွင် ဓာတ်ဆီလက်ကျန် မြင့်မားနေဖွယ်ရှိသောကြောင့် ရောင်းလိုအား ပိုလျှံနေသော ကမ္ဘာ့ရေနံဈေးကွက်ကို ပိုမိုဆိုးရွားစေခဲ့ပြီး ရေနံဈေးနှုန်းသည် ဖေဖော်ဝါရီ ၃ ရက်က အာရှတွင် တစ်စည်လျှင် ဒေါ်လာ ၃၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။ ရုရှားနှင့် အိုပက်အဖွဲ့ဝင်နိုင်ငံများ က ရေနံထုတ်လုပ်မှု လျှော့ချရန် သဘောတူညီမှု ရရှိမည်ဟူသော မျှော်မှန်းချက်များကြောင့် ပြီးခဲ့သည့်တစ်ပတ်က ရေနံဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။ အမေရိကန် စွမ်းအင်ဌာနက အပတ်စဉ် ရေနံလက်ကျန်စာရင်းကို ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ရာ ရေနံဈေးနှုန်းကို အကျသို့ ဦးတည်စေခဲ့သည်။ ကမ္ဘာတွင် ရေနံသုံးစွဲမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော အမေရိကန်တွင် ဝယ်လိုအား နှေးကွေးမှုကြောင့် မတ်လအတွက် ကြိုပေးဈေးကွက်တွင် ရေနံတစ်စည်လျှင် ၂၉ ဒသမ ၇ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ အမေရိကန်ရေနံဈေးနှုန်း အညွှန်းကိန်း WTI သည် ဖေဖော်ဝါရီ ၂ ရက်က ၂၉ ဒသမ ၈၈ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ပြီး ဇန်နဝါ ရီ ၂၁ ရက် နောက်ပိုင်း တစ်စည်လျှင် ဒေါ်လာ  ၃၀ အောက်သို့ ပထမဆုံးအကြိမ် ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။ ရုရှားက ဇန်နဝါရီလတွင် တစ်ရက်လျှင် ရေနံစည် ၁၈ ဒသမ ၉ သန်းခန့် ထုတ်လုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။ရုရှားသည် ရေနံထုတ်လုပ်မှုကို လျှော့ချဖွယ်ရှိပြီး အိုပက်နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားကြသော်လည်း အိုပက်က ထုတ်လုပ်မှု လျှော့ချရန်တောင်းဆိုချက်အား ဒီဇင်ဘာက ပယ်ချထားခဲ့သည်။ ဝယ်လိုအားနှေးကွေးမှု၊ ရောင်းလိုအား ပိုလျှံမှု၊ အလွန်အကျွံ ထုတ်လုပ်မှု၊ ကမ္ဘာ့စီးပွားရေးနှေးကွေးမှု၊ ဒေါ်လာတန်ဖိုး ခိုင်မာမှုတို့ကြောင့် ရေနံဈေးနှုန်းသည် ၂၀၁၄ ခုနှစ် နှစ်လယ်မှစပြီး ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။

Most Read

Most Recent