တောင်အာဖရိက သမ္မတ ဇူးမားက သူ၏နေအိမ်အဆင့်မြှင့်ရေးအတွက် အသုံးပြုခဲ့သော ပြည်သူ့ဘဏ္ဍာများကို ပြန်ပေးမည်

တောင်အာဖရိက သမ္မတ ဇူးမားက သူ၏နေအိမ်အဆင့်မြှင့်ရေးအတွက် အသုံးပြုခဲ့သော ပြည်သူ့ဘဏ္ဍာများကို ပြန်ပေးမည်
Published 3 February 2016

တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားက ၎င်း၏ ကိုယ်ပိုင်နေအိမ် တစ်ခုအား အဆင့်မြှင့်ရေးအတွက် အသုံးပြုခဲ့သည့် ပြည်သူ့ဘဏ္ဍာများကို ပြန်ပေးမည်ဟု ၎င်း၏ သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာခဲ့သည်။ ဇူးမားသည် ၎င်း၏ အစိုးရအဖွဲ့ကို နှစ်နှစ်ကျော်ကြာ ဖိစီးနေသည့် အရှုပ်တော်ပုံကြီးအား အဆုံးသတ်ရန် ကြိုးပမ်းသည့် အနေဖြင့် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။ဇူးမားနှင့် သူ၏မိသားစုသည် ကန်ဒလာမှ ၎င်းတို့၏ ကျေးလက်စံအိမ်အတွက် ပြည်သူ့ဘဏ္ဍာများကို အလွန်အကျွံ အသုံးပြုထားသည်ဟု အစိုးရ ဌာနများကို မကျေနပ်ပါက တိုင်ကြားရန် ခန့်အပ်ထားသည့် အရာရှိဖြစ်သော သူလီမာဒိုဆာလီက၂၀၁၄ ခုနှစ်၌ ဆုံးဖြတ်ခဲ့သည်။ ဇူးမားက နေအိမ်လုံခြုံရေး အဆင့်မြှင့်ရန်ဟုဆိုပြီး ဆောက်လုပ်ခဲ့သော အရာများထဲတွင် မီးငြှိမ်းသတ်ရန်အတွက်ဟု ဆိုသော ရေကူးကန် တစ်ခု၊ ကြက်ခြံ တစ်ခု၊ ကျွဲ၊ နွားများ ထားရန် ခြံတစ်ခု၊ အမိုးဖွင့်ပွဲ ကြည့်စင်ဝိုင်း တစ်ခုနှင့် ဧည့်ဆောင် တစ်ခုတို့ ပါဝင်သည်ဟု သိရသည်။“ရှည်လျားလှတဲ့ ဒီပဋိပက္ခတွေ အဆုံးသတ်သွားစေဖို့အတွက် သမ္မတက သူပြန်ပေးရမယ့် ငွေပမာဏကို ဆုံးဖြတ်ကြရာမှာ ဘက်လိုက်မှုတွေ မရှိဘဲ အမှီအခိုကင်းကင်း ဆုံးဖြတ်ကြဖို့ အဆိုပြုထားပါတယ်” ဟု သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဘဏ္ဍာရေးနှင့် ရဲဝန်ကြီးဌာနက ဇူးမား ပြန်ပေးရမည့် ငွေပမာဏ အတိအကျကို ဆုံးဖြတ်မည်ဟုလည်း ထိုထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။အစောပိုင်းက ဇူးမားသည် သူ၏နေအိမ် အဆင့်မြှင့်တင်ရေးတွင် မည်သည့် အမှားအယွင်းမျှ မလုပ်ဆောင်ခဲ့ဟု တစ်လျှောက်လုံး ငြင်းဆန်နေခဲ့သည်။ အတိုက်အခံ အမတ်များကမူ ရံဖန်ရံခါတွင် ဇူးမားက ပါလီမန်၌ မိန့်ခွန်းများ ပြောနေစဉ် ကြားဖြတ်ပြီး “ပိုက်ဆံတွေ ပြန်ပေး” ဟု သံပြိုင် အော်ဟစ်လေ့ ရှိကြသည်။အတိုက်အခံ ပါတီများက ဇူးမားကို ငွေများပြန်ပေးရန် တရားဥပဒေကြောင်းအရ ဖိအားပေးရေးအတွက် လာမည့် သီတင်းပတ်တွင် ပြုလုပ်မည့် အခြေခံ ဥပဒေဆိုင်ရာ တရားရုံး၌ ကြားနာစစ်ဆေးမှု မပြုလုပ်မီ ဇူးမားက သူ၏ ရပ်တည်ချက်ကို ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့သော ဇူးမား၏နေအိမ် အဆင့်မြှင့်တင်ခြင်းသည် တောင်အာဖရိကငွေကြေး ရန် ၂၁၃ သန်း (အမေရိကန်ဒေါ်လာ ၂၄ သန်း) ကုန်ကျခဲ့သည်။ ဇူးမားသည် သူစတင် အာဏာရလာခဲ့သော ၂၀၀၉ ခုနှစ်မှစပြီး နိုင်ငံတွင်း၌ ခြစားမှုများ ထူပြောလာစေရန် ခွင့်ပြုပေးခဲ့သည်ဟု မကြာခဏ စွပ်စွဲခံခဲ့ရပြီး နိုင်ငံ၏ စီးပွားရေး ရုတ်ခြည်း နှေးကွေးလာမှု အတွက်လည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။Ref: AFP

Most Read

Most Recent