ရုရှားက လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်ပြားရန် ကုလသမဂ္ဂ ကြိုးပမ်းနေရ

ရုရှားက လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်ပြားရန် ကုလသမဂ္ဂ ကြိုးပမ်းနေရ
Published 3 February 2016

ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများသည် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လမ်းချော်သွားစေရန် ခြိမ်းခြောက်နေကြောင်း အတိုက်အခံတို့က ပြောကြားခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ရှိနေစေရန် ရုန်းကန်ကြိုးပမ်းနေရသည်။ ဆီးရီးယား အစိုးရနှင့် အတိုက်အခံ အုပ်စုတို့ကြား တရားဝင် ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတက်ဖင် ဒီမစ်စတူရာက ကြေညာခဲ့သည်။ဖေဖော်ဝါရီ ၁၁ ရက်မတိုင်မီ အောင်မြင်မှု တစ်စုံတစ်ရာ ရရှိမည်ဟု မျှော်လင့်ထားကြောင်း မစ်စတူရာက ပြောကြားခဲ့သည်။ ငါးနှစ်နီးပါးကြာ ဆီးရီးယား ပဋိပက္ခ အဆုံးသတ်ရန်အတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံများက ကြိုးပမ်းနေကြပြီး ဆွစ်ဇာလန်တွင် တိုက်ရိုက်မဟုတ်သော ဆွေးနွေးပွဲများ ကျင်းပခဲ့သည်မှာ ခြောက်လခန့် ရှိခဲ့ပြီဖြစ်သည်။ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဆီးရီးယား အတိုက်အခံတို့ ထိန်းချုပ်ထားသော အလက်ပိုမြို့ အနီးတွင် ရုရှား၏ ပြင်းပြင်းထန်ထန် ဗုံးကြဲမှုများကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ခြိမ်းခြောက်နေကြောင်း ဆွေးနွေးပွဲ တက်ရောက်နေသည့် အတိုက်အခံ အဖွဲ့က ပြောကြားခဲ့သည်။ရုရှားသည် မကြုံစဖူး ဗုံးကြဲခဲ့ပြီး အကြိမ် ၂၇၀ ခန့် ဗုံးကြဲခဲ့ကြောင်း ဆီးရီးယား စေ့စပ်ညှိနှိုင်းရေး အထူးကော်မတီက ပြောကြားခဲ့သည်။ ထို့နောက် အတိုက်အခံတို့၏ စေ့စပ်ရေး ကော်မတီက ဖေဖော်ဝါရီ ၂ ရက် နေ့လယ်တွင် ဆွေးနွေးရန် စီစဉ်ထားသည့် အစည်းအဝေးကို ဖျက်သိမ်းခဲ့သည်။ အစိုးရ တပ်ဖွဲ့များက ဝန်းရံထားသော မြို့များသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဝင်ရောက်ခွင့်ပေးရေး၊ အရပ်သားများအား ဗုံးကြဲမှု ရပ်တန့်ရေး၊ အကျဉ်းသားများကို ပြန်လွှတ်ပေးရေးတို့ကို ဆွေးနွေးပွဲ မစတင်မီ ဆောင်ရွက်ပေးရန် အတိုက်အခံတို့က တောင်းဆိုထားသည်။၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့သော ဆီးရီးယား ပဋိပက္ခသည် လူ ၂၆၀၀၀၀ ကျော် သေဆုံးစေခဲ့ပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ယမန်နှစ် နိုဝင်ဘာက ဗီယင်နာတွင် ရရှိခဲ့သော ငြိမ်းချမ်းရေး လမ်းပြမြေပုံ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဆီးရီးယားတွင် ၁၈ လအတွင်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် ကြားဝင် စေ့စပ်ညှိနှိုင်းသည့် နိုင်ငံများက မျှော်လင့်ထားသည်။     Ref: AFP

Most Read

Most Recent