ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုအတွက် ဟွန်ဒူးရပ်စ်က နိုင်ငံတွင်း အရေးပေါ် အခြေအနေ ကြေညာ

ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုအတွက် ဟွန်ဒူးရပ်စ်က နိုင်ငံတွင်း အရေးပေါ် အခြေအနေ ကြေညာ
Published 2 February 2016

ဗဟိုအမေရိကရှိ ဟွန်ဒူးရပ်စ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်းသည် စိုးရိမ်စရာ အခြေအနေအထိ မြင့်တက်လာခြင်းကြောင့် အစိုးရက ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ခြင်မှတစ်ဆင့် ကူးစက်သော ယင်းရောဂါဖြစ်ပွားမှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နောက်ပိုင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု ၃၆၄၉ မှုအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ယိုလန်နီဘက်ထရီက ပြောကြားခဲ့သည်။ ပြီးခဲ့သော သုံးရက်အတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုသည် သုံးဆမြင့်တက်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းကူးစက်ခံရမှုများသည် ဘရာဇီးတွင် ထုတ်ပြန်နေသကဲ့သို့ micro-cephaly ဟုခေါ်သော မွေးရာပါ ချို့ယွင်းချက် မြင့်တက်လာမှုနှင့် ဆက်နွှယ်သည့် ကလေးမွေးဖွားမှု ရှိ၊ မရှိတို့ကို ရည်ညွှန်း ပြောကြားခဲ့ခြင်း မရှိပေ။ ပြီးခဲ့သောနှစ်ပတ်ခန့်က သက်ကြီးပိုင်း အမျိုးသားတစ်ဦးသည် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့ဖွယ်ရှိဟု ထုတ်ပြန်ခဲ့သော်လည်း တာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ်သည် တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများနှင့် အရေပြားပေါ် အဖုအပိမ့် အနီကွက်များ ဖြစ်ပေါ်စေပြီး အထိုက်အလျောက် ပျော့ကာ ကူးစက်ခံရမှု ရာခိုင်နှုန်း ၇၀ မှ ၈၀ အထိသည် မသိရှိနိုင်ကြောင်း ဆိုသည်။ လတ်တလောတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ကုသရန် အထူးနည်းလမ်း မရှိသလို ခြင်အကိုက် မခံရစေရန်မှလွဲ၍ ကာကွယ်ရန်လည်း နည်းလမ်းမရှိကြောင်း သိရသည်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ အချို့တွင် သွက်ချာပါဒ ဖြစ်စေနိုင်မှု သို့မဟုတ် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သော အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည့် Guillain-Barre Syndrome များလည်း ဖြစ်ပေါ်စေကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။         
Ref : AFP

Most Read

Most Recent