ကဘူးရှိ ရဲဌာနချုပ် အပြင်ဘက်၌ တာလီဘန်တို့၏ အသေခံဗုံးခွဲမှုကြောင့် ရဲ ၂၀ သေဆုံး

ကဘူးရှိ ရဲဌာနချုပ် အပြင်ဘက်၌ တာလီဘန်တို့၏ အသေခံဗုံးခွဲမှုကြောင့် ရဲ ၂၀ သေဆုံး
Published 2 February 2016

အစ္စလာမ္မစ် တာလီဘန်အဖွဲ့နှင့် ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် ရည်ရွယ်သော နိုင်ငံတကာ ဆွေးနွေးပွဲသစ်များကို မစတင်မီ ရက်ပိုင်းအလို ဖေဖော်ဝါရီ ၁ ရက်က တာလီဘန်အသေခံ ဗုံးခွဲသမားတစ်ဦးက မြို့တော်ကဘူးရှိ ရဲဌာနချုပ် အပြင်ဘက်၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲ ၂၀ သေဆုံးခဲ့သည်ဟု သိရသည်။ ယင်းစခန်းသို့ ဝင်ရောက်ရန် ရဲများက တန်းစီစောင့်ဆိုင်းနေစဉ် တာလီဘန်တို့က အသေခံဗုံး ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး လူပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သောနှစ်တွင် တန့်သွားခဲ့သော တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ရန် နိုင်ငံတကာက ကြိုးပမ်းနေသော်လည်း ယင်းတိုက်ခိုက်မှုသည် မကြာသေးမီ လများအတွင်း အာဖဂန်တပ်များကို အဆိုးရွားဆုံး နောက်ဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်လာခဲ့သည်။
Afghan National Civil Order Police ဌာနချုပ်အနီး အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုကြောင့် ရဲ ၂၀ သေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအားလုံးမှာ ရဲများဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသူ သုံးဦးထက်မနည်းသည် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ယင်းဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ၎င်းတို့ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ရဲ ၄၀ အထိ သေဆုံးဒဏ်ရာရခဲ့ကြောင်း တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာမူဂျာဟစ်က Twitter တွင် ရေးသားခဲ့သည်။
အာဖဂန်အစိုးရနှင့် တာလီဘန်အဖွဲ့တို့အကြား တိုက်ရိုက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် မူဘောင်ချမှတ်နိုင်ရန် အာဖဂန်၊ ပါကစ္စတန်၊ တရုတ်နှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များက ဖေဖော်ဝါရီ ၆ ရက်တွင် အစ္စလာမ္မာဘတ်၌ လေးနိုင်ငံဆွေးနွေးပွဲ တတိယအကျော့ စတင်ရန် ကြိုးပမ်းနေစဉ် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တာလီဘန်တို့က နယ်မြေများကို ပိုမိုသိမ်းယူနိုင်ရန် ကြိုးပမ်းမှုသည် ဆွေးနွေးပွဲအတွင်း သဘောတူညီချက် ရယူရာ၌ ပိုမိုရှည်လျား ရှုပ်ထွေးအောင် ရည်ရွယ်မှုကို ပြသနေသည်ဟု လေ့လာသူများက သုံးသပ်ခဲ့သည်။               
Ref : AFP

Most Read

Most Recent