ရေလုပ်ငန်းမှ လူကုန်ကူးမှုကို နှိမ်နင်းပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

ရေလုပ်ငန်းမှ လူကုန်ကူးမှုကို နှိမ်နင်းပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်
Published 2 February 2016

ဥရောပသမဂ္ဂက ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော ထိုင်းရေလုပ်ငန်းကဏ္ဍကို သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ပြီးနောက်ပိုင်း ထိုင်း၏ လူကုန်ကူးမှု နှိမ်နင်းရေးတွင် လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သောင်းကျန်းနေသော တရားမဝင် ထိုင်းငါးခိုးဖမ်းမှုများ၊ ငါးဖမ်းလုပ်ငန်းများအတွင်း အလုပ်သမားများအား ခေါင်းပုံဖြတ်မှုများကို ထိုင်းစစ်အစိုးရက နှိမ်နင်းတိုက်ဖျက်ခြင်း မပြုလုပ်ပါက ထိုင်းမှတင်ပို့သည့် ရေလုပ်ငန်း ထွက်ကုန်များ အားလုံးကို ပိတ်ပင်မည်ဟု ဥရောပသမဂ္ဂက ပြီးခဲ့သည့်နှစ် ဧပြီက ခြိမ်းခြောက်ပြီး သတိပေးခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ တိုးတက်မှုများရှိ၊ မရှိ စစ်ဆေးရန် ဘရပ်ဆဲလ်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် ထိုင်းသို့ ပြီးခဲ့သည့်လက သွားရောက်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံအတွက် နှစ်စဉ်ဒေါ်လာ တစ်ဘီလျံ ငွေဝင်စေသော ထိုရေလုပ်ငန်းကို မည်သည့်အချိန်တွင် သပိတ်မှောက်ရန် ဆုံးဖြတ်မည်နှင့် ပတ်သက်၍ မထုတ်ပြန်ခဲ့ပေ။
ထိုင်းသည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးမားဆုံး ပင်လယ်စာတင်ပို့သည့် နိုင်ငံဖြစ်သည်။ သို့သော် ထိုင်းရေလုပ်ငန်း ကဏ္ဍအတွင်း အလွန်အကျွံ ငါးဖမ်းမှုများ၊ အိမ်နီးချင်းမြန်မာနှင့် ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံများမှ လူကုန်ကူးလာသော အလုပ်သမားများကို အလွန်နည်းပါးသည့် လစာပေး၍ ခေါင်းပုံဖြတ်မှုများ ရှိနေကြောင်း လူအခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက ပြောကြားခဲ့သည်။
ထိုင်းရဲများကမူ ရေလုပ်ငန်းကဏ္ဍထဲမှ မကောင်းမှုများကို နှိမ်နင်းရန် ပိုမိုအားစိုက် လုပ်ဆောင်နေသည်ဟု အခိုင်အမာ ဆိုနေသည်။ ဥရောပသမဂ္ဂအဖွဲ့က သတိပေးခဲ့ပြီးနောက် အလုပ်သမားများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီဖြစ်ကြောင်း၊ ထိုင်းငါးဖမ်းသင်္ဘောများ၊ စက်ရုံများတွင် ခေါင်းပုံဖြတ်ခံရကာ လုပ်ကိုင်နေရသည့် အလုပ်သမား ၁၃၀ ကျော်ကို လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်များထဲတွင် ဖော်ပြခဲ့သည်။
“လူကုန်ကူးမှုကို ဖြေရှင်းဖို့ ထိုင်းမှာ အင်အားကြီးတဲ့ နိုင်ငံရေးအင်အားစု ရှိနေတယ်ဆိုတာ ဒီဖြစ်ရပ်တွေက ပြသနေပါတယ်” ဟု ထိုင်းရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူ များကမူ ထိုင်းအစိုးရ အရာရှိများသည် လာဘ်ငွေ အမြောက်အမြားကိုယူပြီး လူကုန်ကူးသူများကို လွှတ်ပေးထားသည်ဟု စွပ်စွဲနေကြသည်။ ထိုင်းငါးဖမ်း သင်္ဘောများမှ လွတ်မြောက်လာကြ သူများကလည်း ကြောက်လန့်စရာ လုပ်ငန်းခွင် အခြေအနေများကို ပြန်လည်ပြောပြခဲ့ကြပြီး အလုပ်သမားများကို ရိုက်နှက်ခြင်း၊ ပင်လယ်ထဲမှာပင် သတ်ဖြတ်ခြင်းများရှိကြောင်း ဆိုခဲ့ကြသည်။
ထိုင်းရေလုပ်ငန်း အတွင်းမှ ဒုစရိုက်မှုများကို နှိမ်နင်းရန် ထိုင်းအစိုးရနှင့်အတူ ပူးတွဲလုပ်ဆောင်နေသည့် ဗြိတိန်အင်န်ဂျီအိုအဖွဲ့ The Enviroment Justice Foundation က ထိုင်း ရေလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲရာတွင် အပြုသဘောဆောင်သည့် တိုးတက်မှုများ ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ထိုင်းရဲများသည် အဆင့်နိမ့် လူကုန်ကူးသူများကိုသာ အဓိက ပစ်မှတ်ထားနေခြင်းကို စိုးရိမ်မှုများ ရှိနေကြဆဲ ဖြစ်သည်။
Ref : AFP

Most Read

Most Recent