Iowa အကြိုရွေးကောက်ပွဲတွင် တက်ခရုဇ်က ထရမ့်ထက် အသာစီးရနေပြီး ကလင်တန်နှင့် ဆန်းဒါးတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေ

Iowa အကြိုရွေးကောက်ပွဲတွင် တက်ခရုဇ်က ထရမ့်ထက် အသာစီးရနေပြီး ကလင်တန်နှင့် ဆန်းဒါးတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေ
Published 2 February 2016
Ref: AFP

အမေရိကန်နိုင်ငံ Iowa ပြည်နယ်တွင် ဖေဖော်ဝါရီ ၁ ရက်က ကျင်းပသော အကြိုရွေးကောက်ပွဲ၏ တစ်စိတ်တစ်ပိုင်း ထွက်လာသော မဲရလဒ်များအရ ရီပက်ဘလီကန် အထက်လွှတ်တော်အမတ် တက်ခရုဇ်က ဘီလျံနာသူဋ္ဌေး ဒေါ်နယ်ထရမ့်ထက် များစွာ အသာစီးရရှိနေသည်။ ဒီမိုကရက်တစ်များဘက်တွင်မူ ဟီလာရီကလင်တန်နှင့် ဘာနေဆန်းဒါးတို့ ကြား၌ အကြိတ်အနယ် ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည်။
Iowa ပြည်နယ်ဒေသခံများသည် ရီပက်ဘလီကန်သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် အလွန်အမင်းရှေးရိုးစွဲဆန်သည် တတ်ခရုဇ်ကို ထောက်ခံခဲ့ကြသည်ဟု အမေရိကန် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဒေါနယ်ထရမ့်မှာမူ ဒုတိယနေရာအတွက် မာကိုရူဘီယိုနှင့် ယှဉ်လုရတော့မည်ဖြစ်သည်။   တစ်စိတ်တစ်ပိုင်း ထွက်လာသော ဒီမိုကရတ်တစ် အကြိုရွေးကောက်ပွဲရလဒ်တွင်မူ Iowa ဒီမိုကရတ်တစ်များသည် ဟီလာရီကလင်တန်နှင့် လက်ဝဲယိမ်း ဘာနေဆန်းဒါးတို့ကြားတွင် ဝေခွဲမရ ဖြစ်နေသည်ကို တွေ့ရသည်။လပေါင်းများစွာ မီဒီယာများ၊ လူထု သဘောထား စစ်တမ်းများတွင် ကြီးစိုးထားသော ဒေါ်နယ်ထရမ့်သည် Iowaအကြိုရွေးကောက်ပွဲ၌ ၂၄ ဒသမ ၃ ရာ ခိုင်နှုန်းသာ မဲရရှိခဲ့သည်။ သို့သော် မဲရလဒ် အလုံးစုံ မထွက်ပေါ်လာသေးပေ။
Iowa ပြည်နယ်တစ်ခုလုံးသို့ စည်းရုံးရေး ဆင်းခဲ့သည့် တက်ခရုဇ်ကမူ ၂၇ ဒသမ ၇ ရာ ခိုင်နှုန်း မဲရရှိထားပြီး Iowa ၏ ရီပက်ဘလီကန် အကြိုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားဖွယ် ရှိနေသည်။

Most Read

Most Recent