Renault က တရုတ်တွင် ပထမဆုံးကား ထုတ်လုပ်ရေးစက်ရုံ ဖွင့်လှစ်

Renault က တရုတ်တွင် ပထမဆုံးကား ထုတ်လုပ်ရေးစက်ရုံ ဖွင့်လှစ်
Published 1 February 2016

ပြင်သစ်ကားကုမ္ပဏီ Renault သည် တရုတ်နိုင်ငံ၌ ၎င်း၏ ပထမဆုံး ကားထုတ်လုပ်ရေး စက်ရုံကို ဖေဖော်ဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြင့် ကမ္ဘာ့ကားဈေးကွက်ကြီး ဖြစ်သည့် တရုတ်သို့ နောက်ဆုံးရောက်လာသော ကားထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်လာသည်။ကားထုတ်လုပ်ရေး ဗဟိုချက်ဒေသဖြစ်သော နိုင်ငံအလယ်ပိုင်းမှ ဟူပေပြည်နယ်ရှိ ဝူဟန်မြို့တွင် Renault က တရုတ် ကားထုတ်လုပ်ရေးလုပ်ငန်း Dongfeng နှင့်ပူးတွဲ၍ စက်ရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံသည် တစ်နှစ်လျှင် ယာဉ်စီးရေ ၁၅၀၀၀၀ ထိ ထုတ်လုပ်နိုင်မည်ဟု သိရသည်။ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီး ဖြစ်နေသည့် တရုတ်သည် ဥရောပနှင့် အမေရိကန် ပြင်ပရှိ အဓိကငွေဝင်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ Renault သည် ယခုဖွင့်လှစ်လိုက်သော ဝူဟန်စက်ရုံ၌ ပထမဆုံးအဖြစ် Renault ၏ နောက်ဆုံးထုတ် ကားအမျိုးအစားဖြစ်သော Kadjars ကို စတင်ထုတ်လုပ်ခဲ့သည်။ သို့သော် လက်ရှိ တရုတ်နိုင်ငံ၏ အခြေအနေများသည် Renault အတွက် စိန်ခေါ်သည့် အခြေအနေတွင် ရှိနေသည်။ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းနှင့် စတော့ရှယ်ယာ ဈေးနှုန်းများ အကြီးအကျယ် ကျဆင်းနေသောကြောင့် ဝယ်လိုအားများ ကျဆင်းနေသည့် တရုတ်တွင် ၂၀၁၅ ခုနှစ်အတွင်းက ရောင်းအားသည် သုံးနှစ်အတွက် အနှေးကွေးဆုံး ဖြစ်နေခဲ့သည်။၂၀၁၅ ခုနှစ်အတွင်းက တရုတ်နိုင်ငံတွင် ရောင်းချခဲ့ရသည့် ကားစီးရေသည် ၂၄ ဒသမ ၆၀ သန်းရှိခဲ့သည်ဟု တရုတ် ကားထုတ်လုပ်ရေးအဖွဲ့ (CAAM) က ထုတ်ပြန်ခဲ့သည်။ ယင်းပမာဏသည် ယခင်နှစ်ကထက် ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သော်လည်း ၂၀၁၃ ခုနှစ်ကမူ ကားရောင်းအား တိုးတက်မှုသည် ၁၄ ရာခိုင်နှုန်းနီးပါး ရှိခဲ့သည်။ ထို့အတူ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်၏ စီးပွားရေးတိုးတက်မှုသည် ၂၀၁၅ ခုနှစ်က ၆ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ၂၅ နှစ်အတွင်း အနှေးကွေးဆုံး ဖြစ်ခဲ့သည်။Ref: AFP

Most Read

Most Recent