ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာရန် စဉ်းစားနေ

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာရန် စဉ်းစားနေ
Published 1 February 2016

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပေါ် ကော်မတီက တောင်အမေရိကတွင် ပြင်းထန်သော မွေးရာပါ ချို့ယွင်းချက်များ မြင့်တက်စေသည်ဟု ယူဆရသော ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းနှင့် ပတ်သက်၍ အချေအတင် ငြင်းခုံမှုတစ်ရပ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။WHO က အမေရိကတိုက်တွင် ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ် အကြီးအကျယ် ပျံ့နှံ့နေကြောင်းနှင့် ယခုနှစ်အတွင်း အမေရိကတိုက်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ လေးသန်းအထိ ရှိနိုင်ကြောင်း လွန်ခဲ့သည့် သီတင်းပတ် အတွင်းက သတိပေးခဲ့သည်။WHO သည် အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့ခဲ့စဉ်က တုံ့ပြန်မှု နှေးကွေးခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရေး၌ အလျင်အမြန် ဆောင်ရွက်ရန် ဖိအားများအောက်သို့ ကျရောက်နေသည်။ ဇီကာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာရပ်များသည် အထိုက်အလျောက် ပျော့သည်ဟု ဆိုနိုင်သော်လည်း Microcephaly ဟု ခေါ်သော မွေးရာပါ ချို့ယွင်းချက် မြင့်တက်လာခြင်းနှင့် ဆက်နွှယ်နေသည်ဟု ယူဆထားသည်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် မိခင်က မွေးလာသည့် ကလေးသည် ပုံမှန်မဟုတ်ဘဲ ဦးခေါင်းနှင့် ဦးနှောက်သေးငယ်နေခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ဇီကာဗိုင်းရပ်စ်ကြောင့် တစ်နည်းနည်းဖြင့် Microcephaly ဖြစ်ပေါ်စေနိုင်ကြောင်း ယခုအထိ အတိအကျ သက်သေမပြနိုင်သေးသော်လည်း WHO အကြီးအကဲ မာဂရက်ချန်းက ယင်းကဲ့သို့ ဖြစ်ပေါ်စေနိုင်သည်ဟု အကြီးအကျယ် ယူဆနိုင်ဖွယ်ရှိကြောင်း လွန်ခဲ့သည့် သီတင်းပတ် အတွင်းက သတိပေးခဲ့သည်။ ဇီကာဗိုင်းရပ်စ်သည် အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သော Guillain-Barre Syndrome နှင့်လည်း ဆက်နွှယ်နေသည်ဟု ယူဆကြသည်။ဘရာဇီးနိုင်ငံသည် ဇီကာဗိုင်းရပ်စ်ဒဏ်ကို အပြင်းထန်ဆုံး ခံနေရပြီး နိုင်ငံ အရှေ့မြောက်ပိုင်းတွင် Microcephaly နှင့် မွေးလာသော ကလေးများ အလွန်မြင့်တက်လာသည့် အောက်တိုဘာလတွင် အကြီးအကျယ် သတိပြုမိလာကြသည်။ ယင်းနောက်ပိုင်း၌ Microcephaly ကလေးငယ်ပေါင်း ၂၇၀ ရှိလာပြီး ဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု ယူဆရသူ ၃၄၄၈ ဦး ရှိလာခဲ့သည်။Microcephaly ဖြစ်ပွားမှု မြင့်တက်လာခြင်းနှင့်အတူ ကိုလံဘီယာ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂျမေကာနှင့် ပွာတိုရီကို နိုင်ငံများသို့ ခရီးသွားလာခြင်းကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သည်အထိ ရွှေ့ဆိုင်းထားရန် သတိပေးမှုများ ထွက်ပေါ်လာခဲ့သည်။ဇီကာဗိုင်းရပ်စ်သည် ယခုဖြစ်ပွားနေသည့် နေရာများမှနေ၍ ဥရောပနှင့် မြောက်အမေရိကသို့ ပျံ့နှံ့လာမည်ကို စိုးရိမ်လျက်ရှိသည်။ မြောက်အမေရိကတွင် ရောဂါ ဖြစ်ပွားနေသည့် နေရာများမှ ပြန်လာသူများအကြား ရောဂါဖြစ်ပွားသူ ဒါဇင်နှင့် ချီလျက်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ရောဂါ ဖြစ်ပွားနေမှုကို မည်သို့မည်ပုံ တုံ့ပြန်သင့်သည်ကို ရှင်းရှင်းလင်းလင်း သိရန်အတွက် WHO အကြီးအကဲ မာဂရက်ချန်းက အရေးပေါ် ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် တံခါးပိတ် ကျင်းပရန် နှိုးဆော်ထားသည်။ ယင်းတွင် ဇီကာဗိုင်းရပ်စ်ကို ကမ္ဘာ့ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် စဉ်းစား သင့်၊ မသင့် ဆုံးဖြတ်မည်ဖြစ်သည်။WHO မှ အကြီးတန်းအာဏာပိုင်များ၊ ရောဂါဖြစ်ပွားနေသော နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကမ္ဘာတစ်လွှားမှ ကျွမ်းကျင်သူများအကြား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများအရ အစည်းအဝေး ဆုံးဖြတ်ချက်ကို အစောဆုံး ဖေဖော်ဝါရီ ၂ ရက်အထိ လူသိရှင်ကြား ထုတ်ပြန်ဦးမည် မဟုတ်ဟု သိရသည်။
 
■ ဆူမတ်တြားကျွန်းစုတွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိကြောင်း သုတေသန ပညာရှင်များ ထုတ်ပြန်အင်ဒိုနီးရှားနိုင်ငံရှိ ဆူမတ်တြား ကျွန်းစုတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သုတေသနဌာန တစ်ခုက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Eijkman Institute for Molecular Biology က ထုတ်ပြန်ခဲ့သော ယင်းအစီရင်ခံစာကို အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီးဌာနက မှတ်ချက် မပေးသေးပေ။ ခြင်မှတစ်ဆင့် ကူးစက်သော ယင်းဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့် ပတ်သက်၍ အမေရိကတိုက်ရှိ ဒေသ အများအပြားတွင် စိုးရိမ်ထိတ်လန့်နေကြသည်။ ဆူမတ်တြားကျွန်းစုရှိ ဂျမ်ဘီပြည်နယ်မှ အသက် ၂၇ နှစ်ရှိ အမျိုးသားသည် ပြည်ပသို့ သွားရောက်ခဲ့ဖူးခြင်း မရှိသော်လည်း ဇီကာဗိုင်းရပ်စ် ကူးစက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းအင်စတီကျုက ထုတ်ပြန်ခဲ့သည်။ ယင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို လေ့လာစဉ် ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းဗိုင်းရပ်စ်သည် အင်ဒိုနီးရှားတွင် အချိန်တစ်ခုအထိ ပျံ့နှံ့နေသည်ဟု ၎င်းတို့က ကောက်ချက်ချခဲ့ကြောင်း ယင်းဌာနက ဆိုသည်။ အမေရိကတိုက်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် အလွန်အမင်း မြန်ဆန်နေပြီး ယခုနှစ်အတွင်း ရောဂါကူးစက်မှု သုံးသန်းမှ လေးသန်းအထိ ရှိနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့သော သီတင်းပတ်တွင် သတိပေးခဲ့သည်။ ဘရာဇီးတွင် အဖြစ်များဆုံးဖြစ်ပြီး ပြီးခဲ့သော ဧပြီနောက်ပိုင်း ရောဂါကူးစက်မှု ၁ ဒသမ ၅ သန်းကျော် ရှိသည်ဟု သိရသည်။Ref: AFP

Most Read

Most Recent