ပျောက်ဆုံးနေသည့် ရွှေ့ပြောင်းအခြေချ ကလေး ၁၀၀၀၀ ကျော်ရှိဟု ယူရိုပိုက ထုတ်ပြန်

ပျောက်ဆုံးနေသည့် ရွှေ့ပြောင်းအခြေချ ကလေး ၁၀၀၀၀ ကျော်ရှိဟု ယူရိုပိုက ထုတ်ပြန်
Published 1 February 2016
(Ref: AFP)

အဖော်မပါဘဲ ဥရောပသို့ ရောက်လာသည့် ရွှေ့ပြောင်းအခြေချ ကလေးငယ် ၁၀၀၀၀ ကျော် ပျောက်ဆုံးနေသည်ဟု ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့အေဂျင်စီ ယူရိုပိုက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာ မှောင်ခိုလုပ်ငန်းများ၊ ကျွန်လုပ်ငန်းများထဲသို့ ရောက်သွားမည်ကို စိုးရိမ်နေကြသည်။အဆိုပါကလေးငယ်များသည် ပြီးခဲ့သည့် ၁၈ လ မှ ၂၄ လအတွင်း ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ထိုကလေးများသည် ဥရောပသို့ ရောက်ရှိကာ စာရင်းပေးသွင်းပြီးမှ ပျောက်ဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု ယူရိုပို၏ ဝန်ထမ်းရေးရာဥက္ကဋ္ဌဖြစ်သူ ဘရိုင်ယန်ဒေါ်နယ်က ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသည့် ကလေး ၁၀၀၀၀ ကျော်အနက် အီတလီ တစ်နိုင်ငံတည်းမှာပင် ပျောက်ဆုံးနေသည့် ကလေး ၅၀၀၀ ခန့်ရှိသည်ဟု သိရသည်။“ပျောက်နေတဲ့ ကလေးအားလုံး ရာဇဝတ်သားတွေလက်ထဲကို ရောက်သွားတာတော့ မဟုတ်ပါဘူး။ တချို့ကလေးတွေဟာလည်း မိသားစုဝင်တွေထံ ရောက်သွားကြပါတယ်။ ကျွန်တော်တို့ကသာ သူတို့ ဘယ်ကိုသွားတယ်၊ ဘာတွေလုပ်တယ်၊ ဘယ်သူနဲ့ ရှိတယ်ဆိုတာသာ မသိတာပါ” ဟု ဒေါ်နယ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၁၈ လအတွင်း အလုံးအရင်းဖြင့် ဝင်လာသည့် ရွှေ့ပြောင်းအခြေချသူများအပေါ် ခေါင်းပုံဖြတ်မည့် ရာဇဝတ်လုပ်ငန်း စတင်ပေါ်ပေါက်လာကြောင်း သက်သေသာဓကများ ရှိသည်ဟု ဒေါ်နယ်က ဆိုခဲ့သည်။ ထိုရွှေ့ပြောင်းအခြေချသူတို့ကို ဥရောပသို့ ရောက်အောင် ခေါ်ဆောင်လာသည့်အဖွဲ့များနှင့် ကျွန်နှင့် လိင်ပိုင်းဆိုင်ရာ ကိစ္စများအတွက် ခေါင်းပုံဖြတ် အမြတ်ထုတ်မည့် လူကုန်ကူးဂိုဏ်းများအကြား ချိတ်ဆက်မှုရှိနေကြောင်း ယူရိုပိုက တွေ့ရှိခဲ့သည်။ပြီးခဲ့သည့်နှစ်အတွင်းက ဥရောပသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းအခြေချသူနှင့် ဒုက္ခသည် တစ်သန်းကျော်ရှိနေပြီး အများအပြားသည် ဆီးရီးယားမှ ဖြစ်သည်။  ထိုသို့ ရောက်လာသူများတွင် ကလေးပေါင်း ၂၇၀၀၀၀ ပါဝင်ခဲ့သည်ဟု ဒေါ်နယ်က ဆိုခဲ့သည်။“ပျောက်နေတဲ့ ကလေးအားလုံးက အဖော်မပါတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရာခိုင်နှုန်းအများစုကတော့ အဖော်မပါကြပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။ ဥရောပသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များအနက် အရွယ်ရောက်သူ လူကြီးမပါဘဲ ခရီးသွားသည့် ကလေးများသည် အန္တရာယ်ကြုံရနိုင်ခြေ အမြင့်မားဆုံးအုပ်စု ဖြစ်သည်ဟု Save the Children က ထုတ်ပြန်ခဲ့သည်။ ထိုကလေးအများစုသည် ပြန်ပို့ခံရမည်ကို စိုးရိမ်ပြီး ဥရောပထဲသို့ ဆက်လက်သွားနိုင်ရန်အတွက်  အာဏာပိုင်များကို ရှောင်လွှဲရန်   ကြိုးပမ်းလေ့ ရှိကြသည်။ 

Most Read

Most Recent