ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် အီသီယိုးပီးယားတွင် လူသန်းပေါင်းများစွာ အရေးပေါ် အကူအညီလိုအပ်

ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် အီသီယိုးပီးယားတွင် လူသန်းပေါင်းများစွာ အရေးပေါ် အကူအညီလိုအပ်
Published 1 February 2016
(Ref: AFP)

နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည့် အီသီယိုးပီးယားနိုင်ငံတွင် ပြည်သူသန်းပေါင်းများစွာသည် အသက်ကယ်အကူအညီများကို အလွန်အမင်း လိုအပ်နေသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
 
လက်ရှိအခြေအနေတွင် အီသီယိုးပီးယားနိုင်ငံ လူဦးရေ စုစုပေါင်း၏ ငါးပုံတစ်ပုံဖြစ်သော လူပေါင်း ၁၀ ဒသမ ၂ သန်းထက် မနည်းသည် စားနပ်ရိက္ခာ အကူအညီလိုအပ်နေပြီး ယင်းလူဦးရေသည် လအနည်းငယ်အတွင်း နှစ်ဆ မြင့်တက်လာနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်မှု၊ ရေကြီးမှုများကြောင့် အီသီယိုးပီးယား အပါအဝင် အာဖရိက၏ နေရာအများအပြား၌ လူပေါင်းများစွာ အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။
 
“ နှစ်ပေါင်း ၃၀ အတွင်း အီသီယိုးပီးယားရဲ့ အဆိုးရွားဆုံးမိုးခေါင်မှုကို ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။ အခြေအနေတွေဟာ အရေးပေါ်ဖြစ်နေတဲ့အတွက် အစိုးရတစ်ရပ်တည်းကနေ လုပ်ဆောင်ဖို့ မတတ်နိုင်လောက်ပါဘူး”ဟု ဘန်က အီသီယိုးပီးယားမြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
 
အာဖရိကတွင် ဒုတိယမြောက်လူဦးရေ အထူထပ်ဆုံး အီသီယိုးပီးယားသည် အလွန်ဆိုးရွားသည် မိုးခေါင်မှုကြီးတစ်ခုကြောင့် ၁၉၈၄-၈၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် အငတ်ဘေးကြီးနောက်ပိုင်း နိုင်ငံ၏ ပုံရိပ်ကို ပြောင်းလဲနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ယင်းနောက် အီသီယိုးပီးယား၏ စီးပွားရေးတိုးတက်မှုသည် ၁၀ ရာခိုင်နှုန်းအထိ နီးကပ်လာပြီ ဖြစ်သည်။ သို့သော် အီသီယိုးပီးယားတွင် စားနပ်ရိက္ခာ လုံခြုံစိတ်ချရမှု မရှိခြင်းသည် အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်နေဆဲ ုဖြစ်သည်။
 
“အီသီယိုးပီးယားဟာ အလွန်ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်နေရပါတယ်။ မိုးမရွာတဲ့အတွက် လူသန်းပေါင်းများစွာဟာ စားနပ်ရိက္ခာ အကူအညီလိုအပ်နေပါတယ်။ ကလေးတွေဟာလည်း ဆိုးရွားတဲ့ အာဟာရချို့တဲ့မှုတွေကို ခံစားနေရပါတယ်”ဟု ကုလသမဂ္ဂ မှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OCHA) က ဇန်နဝါရီလအစောပိုင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အခြေအနေဆိုးများကြောင့် ပြီးခဲ့သည့်နှစ်အတွင်းက အီသီယိုးပီးယားနှင့် ဆိုမာလီနိုင်ငံသား ၁၀၀၀၀၀ နီးပါးသည် စစ်ဖြစ်နေသည့် ယီမင်နိုင်ငံသို့ သွားရောက်ခိုလှုံကြသည်ဟု ကုလသမဂ္ဂအချက်အလက်များထဲတွင် ဖော်ပြခဲ့သည်။ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အခြားအာဖရိကနိုင်ငံများဖြစ်သော မာလာဝီ၊ မဒါဂတ်စကာ၊ ဇင်ဘာဘွေတို့တွင်လည်း အငတ်ဘေးနှင့် ရင်ဆိုင်နေရသူ သန်းနှင့်ချီ ရှိနေသည်။
 
 
 
 

 

Most Read

Most Recent