ဘင်္ဂလားဒေ့ရှ် သစ်ပင်လူသားရှိ အသားမာများကို ဖယ်ရှားရန်အတွက် ခွဲစိတ်ကုသမှု ပြုလုပ်

ဘင်္ဂလားဒေ့ရှ် သစ်ပင်လူသားရှိ အသားမာများကို ဖယ်ရှားရန်အတွက် ခွဲစိတ်ကုသမှု ပြုလုပ်
Published 1 February 2016

လက်များနှင့် ခြေထောက်တွင် သစ်ခေါက်ကဲ့သို့ အသားမာများ ထွက်ပေါ်လာမှုအတွက် သစ်ပင်လူသားဟု အမည်ပြောင်ရထားသော ဘင်္ဂလားဒေ့ရှ်ရှိ အမျိုးသား တစ်ဦးကို ခွဲစိတ်ကုသမှု ပြုလုပ်မည်ဟု ကုသမှု ဆောင်ရွက်မည့် ဆေးရုံက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအမျိုးသားတွင် ပြီးခဲ့သော ၁၀ နှစ်မှစ၍ အသားမာများ စတင်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ခူလ်နာခရိုင်မှ အဘူဘာဂျန်ဒါဟု ခေါ်သော ယင်းအမျိုးသား၏ လက်များနှင့် ခြေထောက်များတွင် ဖုံးလွှမ်းနေသော အလေးချိန် ငါးကီလိုဂရမ် (၁၁ ပေါင်) ထက် မနည်းရှိသည့် အသားမာများကို ဖြတ်တောက် ဖယ်ရှားရန်အတွက် ခွဲစိတ်ကုသမှု လုပ်ဆောင်နေကြောင်း သိရသည်။ “အစကတော့ အဲဒီဟာတွေက ဘေးမဖြစ်ဘူးလို့ ထင်ထားတာ” ဟု အသက် ၂၆ နှစ်ရှိ ဘာဂျန်ဒါက ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး နိုင်ငံပိုင် ဆေးရုံဖြစ်သော ဒါကာ ဆေးဘက်ကောလိပ်ဆေးရုံ (DMCH) တွင် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။“ဒါပေမဲ့ တဖြည်းဖြည်းချင်း အလုပ်လုပ်လို့ မရတော့ဘူး။ လက်နှစ်ဖက်လုံးမှာ နှစ်လက်မကနေ သုံးလက်မအထိရှိတဲ့ အမြစ်တွေ ဒါဇင်နဲ့ချီ ထွက်လာနေတယ်။ ခြေထောက်တွေမှာလည်း အသားမာ အသေးစားတွေ ထွက်လာနေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ DMCH တွင် ခွဲစိတ်ကုသရန် ဆရာဝန်များ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကုသမှု စရိတ်များကို လျှော့ပေ့ါပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ သစ်မြစ်ကဲ့သို့သော အသားမာများကို ဖြတ်တောက်ရှင်းလင်းရာတွင် ဘာဂျန်ဒါ ခန္ဓာကိုယ်ရှိ အဓိက အာရုံကြောများ မထိခိုက်စေရန် သို့မဟုတ် အခြားကျန်းမာရေး ပြဿနာများ မဖြစ်စေရန်အတွက် စမ်းသပ်မှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ကြီးမားသော ယင်းအသားမာများသည် ဘာဂျန်ဒါ ဆယ်ကျော်သက် အရွယ်တွင် စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီး ပြီးခဲ့သော လေးနှစ်ခန့်ကမှ အလွန်လျင်မြန်စွာ ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သစ်ပင်လူသားဟု လူသိများသော ယင်းရှားပါးရောဂါ ဖြစ်ပွားသူသည် ကမ္ဘာပေါ်တွင် ဘာဂျန်ဒါ အပါအဝင် သုံးဦးသာ ရှိသည်ဟု သိထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ယင်းကဲ့သို့ ရှားပါးဖြစ်စဉ်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း DMCH ဆေးရုံညွှန်ကြားရေးမှူး ဆာမန်သာလယ်ဆင်က ပြောကြားခဲ့သည်။ကလေးတစ်ဦး၏ ဖခင်ဖြစ်သော ဘာဂျန်ဒါသည် အသားမာများ စတင်ထွက်လာစဉ်က ဖြတ်တောက်ဖယ်ရှားရန် ကြိုးစားခဲ့ဖူးပြီး အလွန်အမင်း နာကျင်ခဲ့ကြောင်း ဆိုသည်။ ရွာရှိ ဓာတ်ကြမ်းကုဆရာနှင့် ဆေးမြစ်ကု ဆရာထံ ပြသခဲ့သော်လည်း ၎င်းတို့၏ ဆေးများကြောင့် အခြေအနေ ပိုဆိုးခဲ့ကြောင်း ၎င်းက ဆိုသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ဆရာဝန်များနှင့် တိုင်ပင်ခဲ့သော်လည်း သူ၏ မိသားစုသည် ခွဲစိတ်ကုသစရိတ်ကို မတတ်နိုင်ခဲ့ကြောင်း ဘာဂျန်ဒါက ပြောကြားခဲ့သည်။တစ်ကိုယ်လုံးတွင် ကြီးမားသော အသားမာများ ထွက်ပေါ်ခဲ့သော အင်ဒိုနီးရှားရှိ ရွာသားတစ်ဦးသည်လည်း ယင်းအသားမာများကို ဖယ်ရှားရန်အတွက် ၂၀၀၈ ခုနှစ်တွင် ခွဲစိတ်ကုသမှု တသီတတန်း ခံယူခဲ့ရကြောင်း သိရသည်။Ref: AFP

Most Read

Most Recent