သီရိလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ၏သားကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီး

သီရိလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ၏သားကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီး
Published 31 January 2016

သီရိလင်္ကာသမ္မတ မဟင်ဒါရာဂျာပက်ဆာ၏ ဒုတိယမြောက်သားကို ငွေကြေးခဝါချမှုဖြင့် ဇန်နဝါရီ ၃၀ ရက်က ဖမ်းဆီးခဲ့ပြီးနောက် ရုံးတင်မစစ်ဆေးမီ သီတင်းပတ်နှစ်ပတ်ကြာ ချုပ်ထားမည်ဖြစ်ကြောင်း ရဲနှင့် တရားရုံးဝန်ထမ်းများက ပြောကြားခဲ့သည်။အသက် ၂၇ နှစ်အရွယ် ရေတပ်မှ အရာရှိတစ်ဦးဖြစ်သည့် ယိုရှီသာရာဂျာပက်ဆာကို သူ၏ ပုဂ္ဂလိကရုပ်သံလိုင်း Carlton Sports Network (CSN) နှင့် ပတ်သက်၍ မေးမြန်းရန် အာဏာပိုင်များက ခေါ်သွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ရေတပ်ဗိုလ်ကြီး ယိုရှီသာကို ကိုလံဘိုရှိ အောက်တရားရုံး၍ ရုံးမထုတ်မီ ချုပ်ထားဦးမည် ဖြစ်သည်ဟု တရားရုံး ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။သမ္မတဟောင်း၏သား ယိုရှီသာနှင့်အတူ အခြားလေးဦးလည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ထိုလေးဦးထဲတွင် ကမ္ဘာ့ဖလား ရရှိထားသော သီရိလင်္ကာ ခရစ်ကတ်အဖွဲ့၏ အသင်းခေါင်းဆောင် အာဂျူနာရာနာတွန်ဂါ၏ ညီဖြစ်သူ နစ်ရှီသာရာနာတွန်ဂါလည်း ပါဝင်သည်။ နစ်ရှီသာသည် ခရစ်ကတ်ပွဲများ အားလုံးကို ထုတ်လွှင့်ပြသခွင့် ရရှိထားသည့် CSN ရုပ်သံလိုင်း၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သည်။CSN ရုပ်သံလိုင်းသည် ၎င်း၏ နေ့စဉ် ရုံးလုပ်ငန်းများအတွက် အစိုးရပိုင်ယာဉ်များ၊ စက်ပစ္စည်းများကို တရားမဝင် သုံးစွဲခြင်း၊ အခွန်ငွေ ရူပီးဘီလျံနှင့်ချီ၍ ဆောင်ရန် ပျက်ကွက်ခြင်းတို့ဖြင့် စွပ်စွဲခံထားရသည်။ ထို CSN ရုပ်သံလိုင်းကို လပေါင်းများစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ယိုရှီသာသည် ဖမ်းဆီးခံရသော သမ္မတဟောင်း ရာဂျာပက်ဆာ၏ အနီးကပ်ဆုံး မိသားစုဝင် ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် ဧပြီလကလည်း အာဏာပိုင်များသည် ရာဂါပက်ဆာ၏ညီ ဘဆယ်ကို ဖမ်းဆီးခဲ့သေးသည်။ ဘဆယ်သည် ရာဂျာပက်ဆာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးဖြစ်ခဲ့သူ ဖြစ်သည်။ ရာဂျာပက်ဆာ ကိုယ်တိုင်လည်း ဇနီး၊ လွှတ်တော်အမတ်ဖြစ်သည့် သားအကြီးဆုံးနှင့်အတူ တရားရင်ဆိုင်နေရသည်။ ဒုတိယသား ဖမ်းဆီးခံခဲ့ရချိန်တွင် ရာဂျာပက်ဆာက အစိုးရသစ်သည် သူ၏မိသားစုကို လက်စားချေသည့် သဘောဖြင့် ပစ်မှတ်ထားနေသည်ဟု ပြောကြားခဲ့သည်။ရာဂျာပက်ဆာ သမ္မတဖြစ်စဉ်က နိုင်ငံတော်ဘတ်ဂျက် ရာခိုင်နှုန်း ၇၀ ကို ရာဂျာပက်ဆာနှင့် ဆွေမျိုးများက ထိန်းချုပ်ထားခဲ့သည်။ ယခင်နှစ် ဇန်နဝါရီလက ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် အစိုးရအဖွဲ့သစ်က ရာဂျာပက်ဆာ၏ သက်တမ်း ၁၀ နှစ်အတွင်း ၎င်း၏ မိသားစုဝင်များ ခဝါချခဲ့သော ဘီလျံနှင့်ချီသည့် ဒေါ်လာများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု ကတိပြုထားသည်။                     Ref: AFP

Most Read

Most Recent