တူရကီကမ်းလွန် ပင်လယ်ပြင်တွင် ရွှေ့ပြောင်းအခြေချသူတို့၏ သင်္ဘော နစ်မြုပ်ခဲ့ရာ လူ ၄၀ နီးပါး သေဆုံး

တူရကီကမ်းလွန် ပင်လယ်ပြင်တွင် ရွှေ့ပြောင်းအခြေချသူတို့၏ သင်္ဘော နစ်မြုပ်ခဲ့ရာ လူ ၄၀ နီးပါး သေဆုံး
Published 31 January 2016

ဂရိသို့ သွားရောက်မည့် ရွှေ့ပြောင်းခိုလှုံသူများ လိုက်ပါလာသော သင်္ဘောငယ် တစ်စင်းသည် ဇန်နဝါရီ  ၃၀ ရက်က တူရကီနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့ရာ လူ ၄၀ နီးပါး ရေနစ်သေဆုံးခဲ့ပြီး လူ ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစိုးရ အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းများထဲတွင် ဖော်ပြခဲ့သည်။ကမ်းခြေပေါ်သို့ အလောင်း အများအပြား လာရောက်သောင်တင်နေသည့် မြင်ကွင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တူရကီကမ်းခြေသို့ လာရောက်သောင်တင်ခဲ့သည့် သုံးနှစ်အရွယ် ဆီးရီးယား ကလေးငယ် အယာလန်ကာဒီ၏ အလောင်းကို ပြန်လည် ထင်ဟင်စေခဲ့သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်သော သတင်းဓာတ်ပုံများထဲတွင်လည်း သေဆုံးနေသော ကလေးအလောင်းများဖြင့် ပြည့်နှက်နေသည်။  ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် မြန်မာတို့မှ မိသားစုများ လိုက်ပါလာခဲ့ကြသည့် ထိုသင်္ဘောသည် ဂရိနိုင်ငံ လာဘိုကျွန်းသို့ ဦးတည်သွားရောက်စဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သူများထဲတွင် ကလေးမည်မျှ ပါဝင်သည်ကိုမူ မသိရသေးပေ။ အသက်ရှင် ကျန်ရစ်သူများ၏ ပြောကြားချက်အရ လူ ၂၀ ထက်မနည်း ပျောက်ဆုံးနေသေးသည်ဟု သိရသည်။ နစ်မြုပ်ခဲ့သော သင်္ဘောမှာ ကမ်းခြေမှ မီတာ ၅၀ အကွာတွင် ရှိနေသဖြင့် ကမ်းခြေမှ လှမ်းမြင်နိုင်သော အနေအထားတွင် ရှိနေသည်။ ပျောက်ဆုံးနေသူများကို ရေငုပ်သမားများက လိုက်လံရှာဖွေနေသည်ဟု သိရသည်။ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ဂျာမနီနိုင်ငံ အတွင်းသို့ ရောက်ရှိလာသည့် ဆီးရီးယားနှင့် အီရတ်တို့မှ ဒုက္ခသည်များသည် ၎င်းတို့၏ နိုင်ငံများတွင် ငြိမ်းချမ်းမှု ပြန်လည်ရရှိသွားပါက နေရပ်သို့ ပြန်ကြရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ပြီး မကြာမီတွင် လူအများအပြား သေဆုံးခဲ့သည့် ယခု သင်္ဘောနစ်မြုပ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ မာကယ်သည် ရွှေ့ပြောင်းခိုလှုံသူများကို ကြိုဆိုခဲ့သည့် ၎င်း၏ ရပ်တည်ချက်ကြောင့် ပြင်းထန်သည့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ယခု သင်္ဘောနစ်မြုပ်မှုဖြစ်စဉ် မဖြစ်ပေါ်မီ နှစ်ရက်အလိုကလည်း ဂရိနိုင်ငံ ဆာမို့ကျွန်း ကမ်းလွန်ပင်လယ်ပြင်တွင် အလားတူ သင်္ဘောတစ်စင်း နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြန်ရာ ကလေး ၁၀ ဦး အပါအဝင် ရွှေ့ပြောင်းခိုလှုံသူ ၂၅ ဦး ရေနစ်သေဆုံးခဲ့ရသည်။ ရေနစ်သေဆုံးသူ ဦးရေသည် ယမန်နှစ် အတွင်းက ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဥရောပသို့ ရောက်ရှိရန် ပင်လယ်ကို ဖြတ်ရင်း ရေနစ်သေဆုံးခဲ့သူ ဦးရေသည် ၄၀၀၀ နီးပါးအထိ ရှိခဲ့ပြီဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချသူများ အဖွဲ့အစည်း (IOM) က ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ တွင်လည်း ပထမဆုံး ၂၈ ရက်အတွင်းမှာပင် ပင်လယ်ထဲ၌ ရေနစ်သေဆုံးသည့် ရွှေ့ပြောင်းအခြေချ သူဦးရေမှာ ၂၄၄ ဦး ရှိသွားပြီဖြစ်သည်။Ref: AFP

Most Read

Most Recent