တရုတ်က ပိုင်ဆိုင်ကြောင်း ပြောထားသည့် အငြင်းပွားကျွန်းစု အနီးသို့ အမေရိကန် စစ်သင်္ဘောတစ်စင်း သွားရောက်

တရုတ်က ပိုင်ဆိုင်ကြောင်း ပြောထားသည့် အငြင်းပွားကျွန်းစု အနီးသို့ အမေရိကန် စစ်သင်္ဘောတစ်စင်း သွားရောက်
Published 31 January 2016

ရေကြောင်းလွတ်လပ်ခွင့်ကို ပြသရန်အတွက် အမေရိကန် စစ်သင်္ဘော တစ်စင်းသည် ဇန်နဝါရီ ၃၀ ရက်က တောင်တရုတ်ပင်လယ်ထဲမှ အငြင်းပွား ကျွန်းစု၏ ရေမိုင် ၁၂ မိုင်အကွာထဲသို့ မောင်းနှင်ခဲ့သည်ဟု အမေရိကန်အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရဘက်က ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။“ဒီညဦးပိုင်းက တောင်တရုတ်ပင်လယ်ထဲက လွတ်လပ်စွာ လေကြောင်းသွားလာခွင့်အတွက် သင်္ဘောမောင်းနှင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်” ဟု ပင်တဂွန်မှ ပြောခွင့်ရပုဂ္ဂိုလ် ဂျက်ဒေးဗီက ထုတ်ပြန်ချက်ထဲ၍ ပြောကြားခဲ့သည်။ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော USS Curtis Wibur ဖျက်သင်္ဘောသည် ပါရာဆယ် ကျွန်းစုထဲမှ ထရစ်တန်ကျွန်း၏ ကမ်းလွန်ပင်လယ်ပြင်တွင် အပြစ်ကင်းသည့် ဖြတ်ကျော်မောင်းနှင်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုခဲ့သည်။ လက်ရှိတွင် ထိုပါရာဆယ် ကျွန်းစုကို တရုတ်အပြင် ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောကြားနေသည်။၁ ဒသမ ၂ စတုရန်းကီလိုမီတာသာရှိသော ထိုကျွန်းငယ်၏ ရေမိုင် ၁၂ မိုင်အကွာထဲသို့ အမေရိကန် ဖျက်သင်္ဘော မောင်းနှင်လာစဉ်က အနီးအနားတွင် တရုတ်ရေတပ်မှ သင်္ဘောများ မရှိခဲ့ဟု သိရသည်။ ထို့အပြင် ယခုကဲ့သို့ သင်္ဘောမောင်းနှင်ခဲ့ရသည့် ရည်ရွယ်ချက်မှာ ပါရာဆယ်ကျွန်းနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း တရားလွန် ပြောနေသည့် အဖွဲ့များကို စိန်ခေါ်ရန်ဖြစ်သည်ဟု ဒေးဗီက ပြောကြားခဲ့သည်။တရုတ်အစိုးရကမူ အမေရိကန်၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ ဥပဒေကို ချိုးဖောက်ရာရခဲ့ပြီး အမေရိကန်ကို ငြိမ်းချမ်းရေးအား ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။ “အမေရိကန် စစ်သင်္ဘောဟာ တရုတ်ရဲ့ ဥပဒေကို ချိုးဖောက်ပြီး ရေပိုင်နက်ထဲကို ခွင့်ပြုချက် မရှိဘဲ ဝင်လာပါတယ်။ တရုတ်ဘက်ကတော့ တရားဥပဒေနဲ့အညီ စောင့်ကြည့်တာတွေ၊ အသံနဲ့ သတိပေးထားတွေ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်-အမေရိကန် အပြန်အလှန် ယုံကြည်မှု၊ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရုတ်ဥပဒေကို အမေရိကန်ဘက်က လေးစားလိုက်နာဖို့ တိုက်တွန်းလိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုဟ် ဟွာချွမ်ယင်က ပြောကြားခဲ့သည်။ပြီးခဲ့သည့် အောက်တိုဘာလကလည်း အမေရိကန် ရေတပ်သည် စပရက်တလေကျွန်း၏ ရေမိုင် ၁၂ မိုင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ဖျက်သင်္ဘော တစ်စင်းကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၃၀ ရက်က သင်္ဘောမောင်းနှင်မှု ပြုလုပ်ရန် ပါရာဆယ်ကျွန်းကို ပိုင်ဆိုင်ကြောင်း ပြောကြားထားသည့် တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ် မည်သည့်နိုင်ငံကိုမျှ အသိပေးခဲ့ခြင်း မရှိဟု ဒေးဗီက ဆိုခဲ့သည်။Ref: AFP

Most Read

Most Recent