တူရကီက ၎င်းတို့၏ ဝေဟင်ပိုင်နက်ထဲသို့ ရုရှားလေယာဉ် ထပ်မံကျူးကျော်ခဲ့ဟု စွပ်စွဲ

တူရကီက ၎င်းတို့၏ ဝေဟင်ပိုင်နက်ထဲသို့ ရုရှားလေယာဉ် ထပ်မံကျူးကျော်ခဲ့ဟု စွပ်စွဲ
Published 31 January 2016

တူရကီနှင့် ရုရှားတို့၏ နှစ်နိုင်ငံ ဆက်ဆံရေးသည် စစ်အေးခေတ်နောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းနေချိန်တွင် တူရကီသည် ၎င်းတို့၏ ဝေဟင်ပိုင်နက်သို့ ရုရှားလေယာဉ် တစ်စင်း ထပ်မံ ကျူးကျော်လာခဲ့သည်ဟု ဇန်နဝါရီ ၃၀ ရက်က စွပ်စွဲပြောကြားခဲ့ပြီး ရုရှားအနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။ဇန်နဝါရီ ၂၉ ရက်က ရုရှား၏ Su-34 လေယာဉ်သည် တူရကီဝေဟင်ထဲသို့ ကျူးကျော်လာခဲ့ကြောင်း၊ တူရကီလေကြောင်း ရေဒါအဖွဲ့က ထိုလေယာဉ်ကို ရုရှားဘာသာနှင့်ရော အင်္ဂလိပ်ဘာသာဖြင့်ပါ သတိပေးမှုများ ထပ်တလဲလဲ ပြုလုပ်ခဲ့သည့်ကြားမှ ကျူးကျော်လာခြင်းဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကမူ တူရကီဘက်မှ ပြောကြားချက်ကို ‘အခြေအမြစ် မရှိသည့် ဝါဒဖြန့်ချိရေး’ ဟုဆိုပြီး ပယ်ချလိုက်သည်။နေတိုးအဖွဲ့ အဓိက အဖွဲ့ဝင်ဖြစ်သည့် တူရကီသည် နိုဝင်ဘာလက ဆီးရီးယား နယ်စပ်တွင် ရုရှား ဂျက်တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိုးကျသွားခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံကြားတွင် အပြန်အလှန် စကားစစ်ထိုးမှုများ ပေါ်ပေါက်ခဲ့ပြီး ရုရှားက ၎င်း၏ လေယာဉ်သည် တူရကီ၏ ဝေဟင်ပိုင်နက်ထဲသို့ လုံးဝဖြတ်ကျော်ခဲ့ခြင်း မရှိဟု အခိုင်အမာ ပြောကြားခဲ့သည်။ယခုနောက်ဆုံး ဖြစ်စဉ်နှင့် ပတ်သက်၍ တူရကီ အစိုးရသည် ဇန်နဝါရီ ၂၉ ရက်က ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောကြားပြီး အပြစ်တင်ခဲ့သည်။ ရုရှားအနေဖြင့် ယခုကဲ့သို့ ပိုင်နက်ကျူးကျော်မှုများကို ဆက်လက်ပြုလုပ်သွားပါက နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်က ပြောကြားခဲ့သည်။“ဒီလို တာဝန်မယူတဲ့ လုပ်ရပ်မျိုးတွေဟာ ရုရှားဖက်ဒရေးရှင်းအတွက်ပဲ ဖြစ်ဖြစ်၊ ရုရှား-နေတိုး ဆက်ဆံရေး အပေါ်ပဲဖြစ်ဖြစ် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက်ပဲဖြစ်ဖြစ် ဘာကိုမှ အကျိုးမပြုပါဘူး” ဟု လက်တင်အမေရိက ခရီးစဉ်အတွက် ထွက်ခွာတော့မည့် အာဒိုဂန်က အစ္စတန်ဘူ လေဆိပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။အာဒိုဂန်က နှစ်နိုင်ငံကြားတွင် ယခု ဖြစ်ပွားနေသည့် ဆက်ဆံရေး မပြေလည်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောထားသည်ဟု ဆိုသည်။ သို့သော် ထိုဆွေးနွေးမှုသည် ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် ဝေဟင်ပိုင်နက်ကျူးကျော်မှု အရေးကိစ္စနှင့် ဆက်စပ်နေခြင်း ရှိမရှိကို သေသေချာချာ မသိရသေးပေ။ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းက အာဒိုဂန်သည် ပူတင်နှင့်တွေ့ရန် ထပ်တလဲလဲ တောင်းဆိုခဲ့သော်လည်း ရုရှားဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။နေတိုး အဖွဲ့ခေါင်းဆောင် ဂျန်စတော့ တန်ဘတ်က နေတိုးအဖွဲ့၏ ဝေဟင်ကို အပြည့်အ၀ လေးစားရန်နှင့် တာဝန်သိသိ ပြုမှုရန် ရုရှားကို တောင်းဆိုခဲ့သည်။ “ဒီလို ကျူးကျော်တဲ့ ဖြစ်ရပ်တွေ ထပ်မဖြစ်စေဖို့ ရုရှား အနေနဲ့ လိုအပ်တဲ့ စည်းမျဉ်းတွေ အားလုံးကို လိုက်နာဖို့ လိုအပ်ပါတယ်။ ရုရှားရဲ့ ဒီလိုအပြုအမူတွေဟာ ဘယ်လောက် အန္တရာယ်ကြီးလဲ ဆိုတာကို အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေက ပြသနေပါတယ်” ဟု စတော့တန်ဘတ်က ပြောကြားခဲ့သည်။တူရကီသည် နေတိုးအဖွဲ့ထဲတွင် အမေရိကန်ပြီးလျှင် ဒုတိယ စစ်အင်အားအကြီးဆုံး ဖြစ်သည်။ စတော့တန်ဘတ်သည် ဇန်နဝါရီ ၃၀ ရက်က နေတိုးအဖွဲ့သည် တူရကီဘက်မှသာ ရပ်တည်သွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထပ်မံပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent