ဖြိုဖျက်ခံရတော့မည့် ဟောင်ကောင်ရှိ သမိုင်းဝင်ရွာ

ဖြိုဖျက်ခံရတော့မည့် ဟောင်ကောင်ရှိ သမိုင်းဝင်ရွာ
Published 31 January 2016

ဟောင်ကောင်တွင် နောက်ဆုံး ကျန်ရှိသော နံရံဝိုင်းရံထားသည့် သက်တမ်းနှစ်ပေါင်း ၆၅၀ ရှိပြီဖြစ်သော မြို့ပြရွာတစ်ရွာသည် ဖွံ့ဖြိုးရေး စီမံကိန်းအတွက်ဟုဆိုကာ ဖျက်ဆီးခံရတော့မည်ဖြစ်သည်။ ယင်းသည် ဟောင်ကောင်ယဉ်ကျေးမှု အမွေအနှစ်များကို ပျက်သုဉ်းသွားစေသော နောက်ထပ်ဖြစ်စဉ် တစ်ခုဟု ဝေဖန်သူများက ပြောကြားခဲ့ကြသည်။ သက်ဝင်လှုပ်ရှားသော Kowloon ဒေသ၏ ဗဟိုချက်ရှိ ရှေးဟောင်းအခြေချ နေထိုင်သူများ နေထိုင်ကြသော Nga Tsin Wai ရွာမှ ကျန်ရှိသည့် ဒေသခံ ၂၀ ခန့်သည် လာမည့်ရက်များအတွင်း ဖြိုဖျက်မည့် ယန္တရားကြီးများ မရောက်လာမီ ချမ်းအေးလှသော နံနက်ခင်း၌ ၎င်းတို့၏ ပစ္စည်းများကို စိတ်ပျက်လက်ပျက် သိမ်းဆည်းနေကြသည်။ယင်းရွာသည် ယခုအခါ ဟောင်ကောင်မြို့ပြ အချက်အချာ ဖြစ်နေပြီဖြစ်သော ဒေသတစ်လျှောက် ပြန့်ကြဲတည်ရှိနေသည့် ဒါဇင်နှင့်ချီသော ရွာများအနက် တစ်ရွာဖြစ်သည်။ ယင်းရွာများကို လွန်ခဲ့သော ရာစုနှစ်များက တရုတ်မျိုးနွယ်စုများသည် ရန်သူများကို စောင့်ကြည့်ဟန့်တားရန် ကျုံးနှင့်မျှော်စင်များ ထည့်သွင်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ နံရံများ ဝိုင်းရံထားသည့် ရွာအများအပြားသည် ဟောင်ကောင်ကျေးလက် အပြင်ဘက်များတွင် မပျက်မစီးဘဲ ရှိနေဆဲ ဖြစ်သော်လည်း Nga Tsin Wai ရွာမှာမူ ဟောင်ကောင် ဗဟိုချက်တွင် တစ်ရွာတည်း ကျန်ရှိခဲ့သော နေရာဖြစ်သည်။ယင်းရွာကို ၁၃၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မူလနံရံများနှင့် သူရဲခိုများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အင်္ဂတေနံရံ မျှော်စင်များဖြင့် ဝိုင်းပတ်နေသော ယင်းရွာထဲတွင် ယိုင်တိယိုင်တိုင် နေအိမ် အလုံး ၅၀ ခန့်၊ ဈေးဆိုင်များနှင့် ဘုရားကျောင်း တစ်ကျောင်းသာရှိကြောင်း သိရသည်။ ယင်းရွာသည် အနေအထား အလွန်အမင်း ဆိုးရွားနေသဖြင့် ပိုမိုကောင်းမွန်သော လူနေအိမ်ရာများ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူဦးရေ ထူထပ်နေသော ဟောင်ကောင်တွင် ယင်းရွာဖြိုဖျက်မည့် နေရာ၌ လူနေတိုက်ခန်း အိမ်ရာသစ် ၇၅၀ တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။“အဲဒီရွာရဲ့ သမိုင်းကြောင်းက ရှည်လျားတယ်။ ကျွန်တော်တို့ ဒီမှာနေတာ အရမ်းကြာပြီ။ ဒါပေမဲ့ အခု ထွက်သွားဖို့ လွဲပြီး တခြားရွေးစရာ မရှိဘူး” ဟု ဒေသခံ တစ်ဦးဖြစ်သူ Kwok Yue-Ka က ပြောကြားခဲ့သည်။ အသက် ၅၂ နှစ်ရှိ ဆံသဆရာဖြစ်သူ Kwok သည် ထွက်သွားရန် နောက်ဆုံးသတ်မှတ်ထားသည့် အချိန်အထိ နေထိုင်ခဲ့သည်။ အစိုးရက လျော်ကြေးအဖြစ် ဟောင်ကောင်ဒေါ်လာ ၂၀၀၀၀၀ (ဒေါ်လာ ၂၅၆၆၅) ပေးခဲ့ပြီး ယာယီအိမ်ရာ တစ်ခုသို့ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။ ထွက်ခွာရန် ငြင်းဆန်ပါက ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ကြောင်း ၎င်းတို့က သတိပေးခဲ့သည်။ဟောင်ကောင်တစ်ဝန်းရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်း လူမျိုးစုများ၏ နေရာများ၊ လမ်းပေါ်ဈေးများကို ဖယ်ရှားရှင်းလင်းမှုများကြောင့် အစိုးရသည် မကြာသေးမီ နှစ်များအတွင်း ဝေဖန်မှု ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ခဲ့ရသည်။ ဗြိတိန် ကိုလိုနီခေတ်အတွင်း တည်ဆောက်ခဲ့သော ဘုရင်မ၏ သမိုင်းဝင် ဆိပ်ခံတံတားသည်လည်း မြို့ရှောင်လမ်းနှင့် ဆိပ်ကမ်းမျက်နှာစာ ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ဖျက်ဆီးခံခဲ့ရမှုများတွင် ပါဝင်ခဲ့သည်။တရုတ်ရိုးရာ မင်္ဂလာဖိတ်စာများ ပုံနှိပ်ဆိုင်များကြောင့် “ဖိတ်စာလမ်း” ဟု လူသိများသော ဝမ်ချိုင်းဒေသရှိ လမ်းတစ်လမ်းလုံးသည်လည်း လူနေအိမ်ရာနှင့် ဇိမ်ခံစတိုးဆိုင်များ စီမံကိန်းအတွက် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ အိမ်ခြံမြေဈေးနှုန်း ရုတ်တရက် ထိုးတက်မှုကြောင့် ဈေးနှုန်း လက်လှမ်းမီသော အိမ်ရာများ ရှားပါးနေမှုကို ဖြည့်ဆည်းရန်အတွက် ဟောင်ကောင်အစိုးရသည် လာမည့် ၁၀ နှစ်အတွင်း လူနေတိုက်ခန်းသစ် လေးသိန်း တည်ဆောက်နိုင်မည့်နေရာ ရှာဖွေရန်အတွက် ဖိအားများ ကြုံနေရသည်။ သို့သော် လူနေအိမ်ရာများ တိုးမြင့် လိုအပ်လာနေသော်လည်း စတေးပစ်ရမည့် အရာများနှင့် ပတ်သက်၍ ဟောင်ကောင်ဒေသခံများက မေးခွန်း စထုတ်နေပြီဖြစ်ကြောင်း မြို့ပြစီမံကိန်း စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် လှုံ့ဆော်သူ ခရိုင်ကောင်စီ အဖွဲ့ဝင် ပေါဇင်မာမန်းက ပြောကြားခဲ့သည်။ ဒေသဆိုင်ရာ ယဉ်ကျေးမှုကို မဖျက်ဆီးရဘဲ ယင်းနေရာများကို ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ လိုအပ်ကြောင်း၊ ပို၍ ဂရုတစိုက် ချဉ်းကပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။Nga Tsin Wai ရွာ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ကြီးကြပ်သော Urban Renewal Authority မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယင်းရွာတွင် စနစ်ကျသော ပြုပြင်ထိန်းသိမ်းမှုနှင့် ရေဆိုးစွန့်ပစ်စနစ် မရှိခြင်းကြောင့် နေထိုင်မှု အဆင့်အတန်းသည် အလွန်အမင်း ဆိုးရွားနေကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် ယင်းမြေကို အစိုးရက ပိုင်သဖြင့် လက်ရှိ ဒေသခံများသည် ဥပဒေကြောင်းအရ နေထိုင်ခွင့် မရှိကြောင်း၊ ယင်းရွာမှ ဘုရားကျောင်းကိုမူ ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ယင်းရွာမှ ဒေသခံများသည် ပြီးခဲ့သော အနှစ် ၂၀ ကျော်အတွင်း တဖြည်းဖြည်း ရွှေ့ပြောင်းသွားကြပြီး လူမနေသော အိမ်များသည် ဖြိုဖျက်ခံခဲ့ရကြောင်း၊ သို့သော် တရုတ်ဆေးဆိုင် တစ်ဆိုင်၊ ဆံသဆိုင်များနှင့် လက်မှုပစ္စည်း အရောင်းဆိုင်တို့ အပါအဝင် လူမှုဝန်းကျင် အသေးစားတစ်ခု ကျန်ရှိနေဆဲဖြစ်သည်။“ကျွန်တော်တို့တွေ ဓလေ့တစ်ခု ပျောက်ဆုံးသွားပြီ။ ဒီဟာက ငွေရှာတဲ့ စီမံကိန်းတစ်ခု ဖြစ်လာလိမ့်မယ်” ဟု မျိုးရိုးအမည် ဖန် ဟုခေါ်ဆိုသော ဓားလုပ်သူ တစ်ဦးက မပြောင်းရွှေ့မီ ပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent