နယ်သာလန်က မောင်းသူမဲ့ ခရီးသည်တင် ဘတ်စ်ကားငယ်များအား ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲ

နယ်သာလန်က မောင်းသူမဲ့ ခရီးသည်တင် ဘတ်စ်ကားငယ်များအား ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲ
Published 30 January 2016

နယ်သာလန်သည် ၎င်းတို့၏ ပထမဆုံးသော မောင်းသူမဲ့ ခရီးသည်တင် ဘတ်စ်ကားငယ်များကို အများပြည်သူသုံး လမ်းများပေါ်တွင် စမ်းသပ်ပြေးဆွဲခဲ့ပြီး နွေရာသီတွင် မောင်းသူမဲ့ ခရီးသည်တင်ယာဉ် ဝန်ဆောင်မှုကို အချိန်ပြည့် လည်ပတ်ရန် မျှော်လင့်နေသည်။ နယ်သာလန် အလယ်ပိုင်း ဂဲဒါလန်း ပြည်နယ်ရှိ ဝါဂင်နီဂန်မြို့နှင့် အယ်ဒီမြို့တို့အကြားတွင် ခြောက်ယောက်စီး မောင်းသူမဲ့ဘတ်စ်ကား WEpod ကို ပထမဆုံးအကြိမ် ပြေးဆွဲခဲ့ပြီး နယ်သာလန် အခြေခံအဆောက်အအုံဝန်ကြီး မဲလာနီးရှုဗင်ဟယ်ဂင်က တက်ရောက်စီးနင်းခဲ့သည်။မောင်းသူမဲ့ ဘတ်စ်ကားကို စမ်းသပ်ခဲ့သော ဝါဂင်နီဂန် တက္ကသိုလ်ဝင်းအတွင်း၌ WEpod နှစ်စီးကို စမ်းသပ်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်၏ သိပ္ပံဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ စမ်းသပ်အဆင့် ပြီးဆုံးပါက ယင်းကားများ၏ လမ်းကြောင်းကို တက္ကသိုလ်ဝင်းအပြင်ထိ ချဲ့ထွင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခြောက်ယောက်စီး မောင်းသူမဲ့ ဘတ်စ်ကား WEpod ၏ အတွင်းပိုင်းကို ရိုက်ကူးထားသောဓာတ်ပုံ၁၂ မိနစ်ကြာ ခရီးစဉ်တွင် မောင်းသူမဲ့ ဘတ်စ်ကားငယ်သည် ခရီးလမ်းတစ်လျှောက်ရှိ သစ်ပင်များ၊ လမ်းမီးတိုင်များ အပါအဝင် အတားအဆီးအားလုံးကို မှတ်တမ်းထည့် သွင်းထားသည့် မြေပုံအတိုင်း ပြေးဆွဲသွားမည်ဖြစ်သည်။ မီနီဘတ်စ်ကားတွင် ကင်မရာများ၊ ရေဒါများနှင့် လေဆာအာရုံခံ ကိရိယာများ တပ်ဆင်ထားပြီး ကား၏သွားလာမှုကို ကွန်ပျူတာဖြင့် ထိန်းချုပ်မည်ဖြစ်သည်။ထို့ပြင် ကား၏သွားလာမှုများကို ဗဟိုထိန်းချုပ်ခန်းမှနေ၍ စောင့်ကြည့်နေမည်ဖြစ်ပြီး အခက်အခဲကြုံတွေ့ပါက ကား၏မောင်းနှင်မှုကို ဗဟိုက လွှဲပြောင်းထိန်းချုပ်မည်ဖြစ်သည်။ ပြင်သစ်က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်သော WEpod ကားများကို ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ဝါဂင်နီဂန် တက္ကသိုလ်သို့ လွှဲပြောင်းပေးခဲ့ပြီး သုတေသနများ စတင်ဆောင်ရွက်ခဲ့သည်။ လျှပ်စစ်စွမ်းအင်သုံး ယင်းကားများသည် တစ်နာရီ ၂၅ မိုင်နှုန်းထိ မောင်းနှင်နိုင်သော်လည်း ကနဦးတွင် တစ်နာရီ ၁၅ ဒသမ ၅ မိုင်နှုန်းထက်ကျော်၍ မောင်းနှင်နိုင်မည် မဟုတ်ကြောင်း သိရသည်။တစ်ကြိမ်အားသွင်းထားလျှင် မိုင် ၆၀ ထိ သွားလာနိုင်သော ယင်းကားအတွက် သုတေသနများ ထပ်မံဆောင်ရွက်ရန် လိုအပ်သေးကြောင်း ပြည်နယ်အာဏာပိုင်များက ပြောကြားထားသည်။“ဒီသုတေသန စီမံကိန်းက အနာဂတ် သယ်ယူပို့ဆောင်ရေးကို ပုံဖော်ဖို့အတွက် ကျွန်တော်တို့ကို အထောက်အကူပြုမှာပါ” ဟု ဂဲဒါလန်းပြည်နယ် အခြေခံအဆောက်အအုံ တာဝန်ခံက ပြောကြားခဲ့သည်။Ref : AFP

Most Read

Most Recent